တနေ့သောအခါ ဆိုကရေးတီး(စ်)ရဲ့ တပည့်တယောက်က သတင်းတခုကြားလို့ ဆိုကရေးတီး(စ်)ကို လာပြောသတဲ့။ လာပြောတဲ့ သူ့တပည့်ကို ဆိုကရေးတီး(စ်)က ပြန်ပြောလိုက်တာလေးကို မှတ်သားသင့်လို့ပါ။
"ဆရာ၊ ဆရာ့သူငယ်ချင်းရဲ့ သတင်းတခုကို ကျွန်တော်အခုပဲ ကြားလာတယ်"
"နေဦး ငါ့ကို မပြောခင် မင်းစကားဟာ ရေစစ်သုံးခုကို ဖြတ်နိုင် မဖြတ်နိုင် အရင်စစ်ရမယ်"
"ဘယ်လို ရေစစ်သုံးခုလဲဆရာ"
"ပထမ ရေစစ် နာမည်က အမှန်တရားတဲ့။ မင်းပြောတဲ့ စကားလုံးက လုံးဝ ရာခိုင်နှုန်းပြည့် အမှန် ဖြစ်မဖြစ်ဆိုတာ ပထမရေစစ်ထဲ ထည့်ရမယ်။
မင်းပြောတဲ့ စကားလုံးဟာ လုံးဝအမှန် ဖြစ်တယ်လို့ မင်း ရာနှုန်းပြည့် တာဝန်ယူနိုင်လား"
"ကျွန်တော်လည်း သူများဆီက ကြားလာတာ ဖြစ်လို့ ရာနှုန်းပြည့် မသေချာပါဘူးဆရာ"
"အေး ကောင်းပြီ။ ဒုတိယရေစစ်နဲ့ စစ်ရအောင်"
"ဒုတိယေရစစ်ဆိုတာ ဘာလဲဆရာ"
"ဒုတိယ ရေစစ်နာမည်က ကောင်းကျိုးတဲ့။ မင်း အခု ပြောမဲ့စကားက ကောင်းကျိုးကို ဖြစ်စေမှာလား"
"မကောင်းတာဘဲ ဖြစ်ဖို့ များပါတယ်ဆရာ"
"ဒါဆို မင်းပြောတဲ့ စကားလုံးက မှန်လည်း မမှန်ဘူး မကောင်းတာလည်းဖြစ်ဖို့ များတယ်ပေါ့"
"ဟုတ်ပါတယ်ဆရာ"
"အေး နောက်ဆုံးကျန်တဲ့ ရေစစ်ထဲ ထည့်ကြည့်ရအောင်"
"ဘာရေစစ်လဲဆရာ"
"အဲဒီရေစစ် နာမည်က အသုံးဝင်မှုတဲ့။ မင်း ငါ့ကို ပြောမဲ့စကားက အသုံးဝင်မှု ဖြစ်စေမှာလား"
"အမ် သိပ်မသေချာဘူးဆရာ"
"ဒါဆို မင်းငါ့ကို လာပြောမယ့်ဟာက မှန်လည်း မမှန်ဘူး၊ မကောင်းတာလည်း ဖြစ်ဖို့များတယ်။ ပြီးတော့ အသုံးဝင်ဖို့လည်း သိပ်မသေချာဘူး ဆိုရင် ငါ့ကို ဘာဖြစ်လို့ လာပြောချင် ရတာလဲ" တဲ့။
မီးခိုးဆိုတာ မီးရှို့သူ ရှိမှ ထွက်ပါတယ်။ မီးမွှေးတဲ့လူ မဖြစ်ကြပါစေနဲ့။ မီးငြှိမ်းတဲ့သူပဲ ဖြစ်ကြပါစေ။
အတင်းအဖျင်းစကား တောင်စဉ် ရေမရ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို နားလည်း မထောင်ပါနဲ့။ လက်ဆင့်ကမ်းတဲ့သူလည်း မဖြစ်ပါစေနဲ့တဲ့။ crd
0 Comments