ယုန်တကောင် ငါးဆယ်ဖြစ်မှ စားပါ

တခါက သားအဖနှစ်ယောက်ဟာ အလွန်စည်ကားသော ဈေးကြီးတဈေး အတွင်းသို့ ရောက်ရှိလာသောအခါ အသက် (၁၀) နှစ်ခန့်ရှိ သားငယ်မှ အဖေ ဖြစ်သူအား

"ဗိုက်ဆာတယ် အဖေ ရှေ့မှာယုန်ကင်တွေ ရောင်းနေတယ် သားကို ဝယ်ကျွေးပါ" တဲ့။ "သား တကောင် ဘယ်လောက်လဲ သွားမေးလိုက်" လို့ အဖေဖြစ်သူက ပြောလိုက်ပါတယ်။

အဲ့ဒါနဲ့ သားဖြစ်သူလည်း ယုန်သားကင်ကို ရောင်းနေတဲ့ ဈေးသည်ကို သွားမေးတော့ "ယုန်တကောင် ငါးကျပ်" လို့ ဈေးသည်က ပြန်ပြောပါတယ်။ သားဖြစ်သူလည်း "အဖေ တကောင် ငါးကျပ်တဲ့ဗျ။ သားကို ဝယ်ကျွေးနော်"

ဆိုတော့ ဖခင်ဖြစ်သူက သူ၏ လက်ထဲ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ တဆယ်ကျပ်တန်လေး တရွက်ကို ကြည့်ရင်း သားဖြစ်သူကို ပြောလိုက်ပါတယ်။

"ယုန်တကောင်ကို ငါးကျပ်တဲ့လား။ မစားပါနဲ့အုံး သားရယ်။ လာ သွားရအောင် သား ဗိုက်ဆာနေရင် အဖေ တခြားဟာ ဝယ်ကျွေးပါ့မယ်" လို့ ပြောပြီး သားဖြစ်သူရဲ့ လက်ကိုဆွဲပြီး ပြီးတော့မှ ဘိန်းမုန့် (၂) ခု တကျပ်ဖိုး သားဖြစ်သူ ဗိုက်ပြည့်စေဖို့ ဝယ်ကျွေးခဲ့ပါတယ်။

ဒီလိုနဲ့ နောင် (၁၅) နှစ်လောက် ကြာတဲ့အခါ အဲဒီဈေးကြီးထဲကိုပဲ သားအဖနှစ်ယောက် ပြန်ရောက်လာတဲ့အခါ သားဖြစ်သူက ပူဆာပြန်ပါတယ်။

"အဖေ ဟိုမှာ ယုန်သားကင်သည် ရှိသေးတယ်ဗျ။ သားကို ယုန်သားကင် တကောင်လောက် ဝယ်ကျွေးပါ" ဆိုတော့ ဖခင်ဖြစ်သူက "သား တကောင် ဘယ်လောက်လဲ သွားမေးချေ" လို့ ပြောတယ်။

လွန်ခဲ့တဲ့ (၁၅) နှစ်လောက်က တကောင် ငါးကျပ်သာရှိတဲ့ ယုန်သားကင်ဟာ အခု တကောင် ငါးဆယ် ဖြစ်နေပါပြီ။

"ဟာ အဖေ ဈေးကြီးလိုက်တာ တကောင် ငါးဆယ်တဲ့ဗျ"

"ဒီမှာ သား ငါးဆယ် မကလို့ ငါးထောင် ဖြစ်နေပါစေ အခုအချိန်မှာ ငါ့သား စားချင်ရင်တကောင် မဟုတ်ဘူး နှစ်ကောင်စား" လို့ ဖခင်ဖြစ်သူက ပြောတယ်။

ထိုအခါ သားဖြစ်သူက အံ့သြတဲ့မျက်နှာနဲ့ "ဟင် ဟိုတခါ သားစားချင်တယ်ဆိုတော့ အဖေ သားကို ဝယ်မကျွေးပဲ အခုတော့ နှစ်ကောင်တောင် ဝယ်ကျွေးနေပါ့လား အဖေရ" ဆိုတော့

"ဒီမှာ သား ဟိုတခါ အဖေ ဝယ်မကျွေးခဲ့တာ အဲဒီတုန်းက သားအဖနှစ်ယောက် ဆင်းဆင်းရဲရဲနဲ့ ဘဝကို ဖြတ်သန်းနေတဲ့အချိန်မှာ အဖေ့လက်ထဲ တဆယ်ကျပ်တန်လေး တရွက်ပဲ ရှိတယ် ငါ့သား။

အဲဒီအချိန်တုန်းက ယုန်တကောင်ငါးကျပ် အဖေဝယ်ကျွေးရင် ရနိုင်ပေမယ့် အဖေ့လက်ထဲမှာ ကျန်ခဲ့မယ့် ငါးကျပ်တန် တရွက်က အဖေတို့ သားအဖနှစ်ယောက် မနက်ဖြန်အတွက် တကယ် လိုအပ်မယ့် ဆန်၊ ဆီ၊ ဆား စတာတွေကို ဝယ်ဖို့ မလုံလောက်ဘူး သား။ အဲ့ဒါကြောင့် သားကို ဝယ်ကျွေးချင်တဲ့ ဆန္ဒကို ချိုးနှိမ်ပြီး ဘိန်းမုန့် (၂) ခု တကျပ်ဖိုးသာ အဖေ ဝယ်ကျွေးခဲ့တာပါ။

အခု အဖေတို့က အရင်တုန်းကလို မဟုတ်တော့ဘူးလေ။ အခု အဖေတို့ ချမ်းသာနေပြီ။ ငါ့သား စားချင်တာ လုပ်ချင်တာ မှန်သမျှကို အခုအချိန်မှာ အဖေ အကုန်လုပ်ပေးနိုင်တယ် ငါ့သား" တဲ့။

ပုံပြင်လေးကတော့ ဒါပါပဲ။ ကျွန်တော်တို့တတွေလည်း ဘဝကို ကိုယ့်အားကိုယ်ကိုး ဖြတ်သန်းနေကြတဲ့အချိန်မှာ လိုချင်တာ လုပ်ချင်တာ ဝတ်ချင်တာ စားချင်တာ မှန်သမျှကို ပုံပြင်ထဲက အဖေဖြစ်သူလို ဆန္ဒကို ချိုးနှိမ်ထားရပါမယ်။ ကိုယ့်ဘဝ ရပ်တည်ဖို့ ခက်ခဲနေတဲ့အချိန်မှာ ပိုက်ဆံရှိ ချမ်းသာနေတဲ့သူတွေနဲ့ လိုက်ပြီး တန်းမညှိသင့်ပါဘူး။

ဥပမာတခု ပြောရရင် အခုလက်ရှိ ပိုက်ဆံချမ်းသာတဲ့ သူတယောက်ဟာ ထမင်းတပွဲ (၁၀၀၀၀) ပေးပြီး စားနိုင်ပါတယ်။ အင်္ကျီတထည် (၅၀,၀၀၀) ပေးပြီး ဝတ်နိုင် ပါတယ်။

အဲ့ဒီလိုပဲ ကျွန်တော်တို့ ခင်ဗျားတို့တတွေဟာ အမြဲတမ်း မဟုတ်ပေမယ့် အခါအားလျှော်စွာ သူဌေးတွေလို ထမင်းတပွဲ (၁၀၀၀၀) ပေးပြီး စားနိုင်သလို အင်္ကျီတထည် (၅၀၀၀၀) ပေးပြီး ဝယ်ဝတ်နိုင်ပါတယ်။

ဒါပေမယ့် တန်ဘိုးချင်းတူပေမယ့် ပေးဆပ်ရပုံချင်း မတူပါဘူး။ ပိုက်ဆံချမ်းသာတဲ့ သူဌေးတယောက်ရဲ့ လုပ်အားနဲ့ရတဲ့ ငွေတသိန်းဟာ မိနစ်ပိုင်းလေးနဲ့ ဖြစ်နိုင်ပေမယ့် ကျွန်တော်တို့တွေရဲ့ လုပ်အားနဲ့ရတဲ့ ငွေတသိန်းကတော့ မိနစ်ပိုင်းလေးနဲ့ မဖြစ်နိုင်လို့ပါပဲ။ ဒါကြောင့် "ယုန်တကောင် ငါးကျပ်ဆို မစားပါနဲ့ဦး ငါးဆယ်ဖြစ်မှ စားပါ" လို့ အကြံပေးပါရစေ။ crd

Post a Comment

0 Comments