လယ်သမားညီအကိုနှစ်ယောက်

တခါတုန်းက လယ်သမားညီအကို နှစ်ယောက် ရှိကြတယ်။ သူတို့က ခြံခြင်းကပ်ရပ် နေထိုင်ကြတယ်။ ဒါပေမယ့် တနေ့မှာတော့ ကိစ္စတခုကြောင့် ညီအကိုနှစ်ယောက် ရန်ဖြစ်ပြီး မခေါ်မပြောနိုင် ဖြစ်ကြသတဲ့။

အဲဒီအချိန်မှာ လက်သမားတယောက်က အကို ဖြစ်သူအိမ်ကို ရောက်လာပြီး အလုပ် လာတောင်းပါတယ်။

"လက်သမားအလုပ်လေးများ ရှိရင် ကျနော့်ကို ခိုင်းပါ။ ကျနော် ဘာမဆို ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်ပါတယ်"

အကိုဖြစ်သူလည်း လက်သမားဆရာကို ခေါ်ပြီး ညီဖြစ်သူနေတဲ့ တဖက်ခြံကို ပြပါတယ်။

"ဟိုမယ်တွေ့လား။ ဟိုဖက်ခြံက ခြံနှစ်ခြံကြားမှာ မြောင်းဖော်ထားတာ။ အဲဒါ ကျနော့်ကို သူကင်းကင်း နေချင်ကြောင်း ပြနေတာ။

ကျနော်လုပ်ချင်တာက အဲ့ခြံကို မမြင်ရအောင် ကာချင်တယ်။ အဲဒါ ခင်ဗျား လုပ်ပေးနိုင်မလား။ လိုတာ အားလုံး ကျနော်ဝယ်ပေးမယ်"

"ဟုတ်ကဲ့ ရပါတယ်။ တညအတွင်း ကျနော် အပြီး လုပ်ပေးပါမယ်"

အကိုဖြစ်သူလည်း လက်သမားဆရာ လိုအပ်တယ် ပြောတဲ့ သစ်သား၊ သံ စသဖြင့် အကုန် ဝယ်ပေးလိုက်ပါတယ်။

နောက်တနေ့နံနက်လင်းတော့ အကိုဖြစ်သူက အိမ်အပြင် ထွက်ကြည့်လိုက်ပြီး အံ့သြသွားပါတယ်။ သူမြင်လိုက်ရတာက နံရံကြီး ဖြစ်ရမယ့်အစား မြောင်းကိုကျော်တဲ့ သစ်သား တံတားလှလှလေး ဖြစ်နေပါတယ်။

တဖက်ခြံက ညီဖြစ်သူက ပြုံးရွှင်စွာနဲ့ တံတားကို ဖြစ်ကျော်လာပြီး။

"အကိုရယ်။ ကျနော်မှားပါတယ်။ ကျနော် အကို့ကို စိတ်ဆိုးပြီး မြောင်းဖောက် ထားတာတောင် အကိုက အဆက်အသွယ် မပြတ်အောင် တံတားဆောက်ခဲ့တယ်။

အကို့ရဲ့ မေတ္တာတရားကို ကျနော် သဘောပေါက်ပါပြီ။ ကျနော့် အပြုအမူကိုလည်း အကို ခွင့်လွတ်ပေးပါ" လို့ ပြောပြီး ညီအကိုနှစ်ယောက် ဖက်လိုက်ကြပါတယ်။

အကိုက လက်သမားဆရာကို ကျေးဇူးတင်စွာ ကြည့်လိုက်တော့ သူက သူ့ပစ္စည်းတွေကို သိမ်းဆည်းနေပါတယ်။

"လက်သမားဆရာ၊ နေပါဦးဗျာ ကျနော် အလုပ်တွေ အပ်ချင်ပါသေးတယ်"

ထိုအခါ လက်သမားဆရာက "ကျနော် နေချင်ပါတယ်ဗျာ။ ဒါပေမယ့် ကျနော် တံတားတွေ ထပ်ဆောက်ရဦးမယ်ဗျ" လို့ ပြောပြီး ထွက်ခွာသွားပါတော့တယ်။

ဘဝမှာ အရေးပါတဲ့ ရွေးချယ်မှုတွေ အများကြီး ပြုလုပ်ရမှာပါ။ နံရံဆောက်မှာလား၊ တံတားဆောက်မှာလား ဆိုတဲ့ ရွေးချယ်မှုပေါ် မူတည်ပြီး ရလဒ်တွေလဲ ကွဲပြားပါတယ်။ crd

Post a Comment

0 Comments