ကျနော့်အမေမှာ မျက်လုံးတလုံးပဲ ရှိပါတယ်။ ကျနော် ငယ်ငယ်က အမေအဲဒီလို ဖြစ်နေတာကို မုန်းမိတယ်။ ကျနော့်ကျောင်းကို အကြောင်းမယ်မယ်ရရမရှိပဲ လာတာကိုလည်း မကြိုက်ခဲ့ဘူး။
ဘာလို့လဲဆိုတော့ အမေလာတိုင်း သူငယ်ချင်းတွေက အထူးတဆန်းကြည့်ပြီး နောက်တွန့်သွားတယ်လေ။
အမေက မိသားစု စီးပွားရေးအတွက် အလုပ်နှစ်ခု လုပ်ပါတယ်။ ဒါပေမယ့် ကျနော်ကတော့ အမေ့ကို မကြည်ဖြူလှဘူးဗျ။ အမေနဲ့လည်း ဘယ်တော့မှ အတူတူ မသွားချင်ခဲ့ဘူး။
အမေ ကျောင်းလာကြိုရင် သူငယ်ချင်းတွေက စကြလွန်းလို့ အမေ မြန်မြန်သေရင် ကောင်းမယ် လို့တောင် ဆုတောင်းခဲ့ မိဘူးတယ်။
ဒါကြောင့် အမေနဲ့ ဝေးဝေးနေရအောင် ကျနော် အစွမ်းကုန် ကြိုးစားခဲ့တယ်။ ရလဒ်ကတော့ အလုပ်ကောင်းကောင်း တခုရတယ်။ အမေနဲ့ ရပ်ဝေး တနေရာမှာပေါ့။ ကျနော် မလုပ်တဲ့ အပြစ်ကနေ ကျနော် ထွက်ပြေးခဲ့တာပေါ့။
အဲဒီအလုပ် လုပ်ရင်း ကျနော် အိမ်ထောင်ကျတယ်။ အခုဆို သားတယောက် သမီးတယောက်နဲ့ ကျနော့်မိသားစု ဘဝက ပျော်ရွှင်စရာ အတိပါပဲ။ အမေ့ဆီကိုတော့ အလုပ်စရတဲ့နေ့ကစ ကျနော် တခါမှ မပြန်ခဲ့ဘူး။
မထင်မှတ်တဲ့ တနေ့ အမေအိမ်ကို ရောက်လာတယ်။ သူ့မြေးနှစ်ယောက်ကို မြင်ဖူးချင်လို့တဲ့။ ခက်တာက ကလေးနှစ်ယောက်လုံးက မျက်လုံးတလုံးသာပါတဲ့ အမေ့ကို မြင်တာနဲ့ ကြောက်ပြီး ငိုတော့တာပဲ။
ကျနော်လည်း စိတ်ဆိုးပြီး အော်လိုက်မိတယ်။ "အမေဟာ အခုအချိန်ထိ ကျနော့်ရဲ့ အေးချမ်းတဲ့ ဘဝကို လိုက်အနှောက်အယှက် ပေးနေတုန်းပဲ။ အမေပြန်ပါတော့" ဆိုတော့ အမေက အပြုံးလေးနဲ့ အကြိမ်ကြိမ် တောင်းပန်ပြီး ပြန်သွားတယ်။
နှစ်ဝက်လောက်ကြာတော့ ကျနော် မွေးရပ်မြေကို ပြန်ဖို့ အကြောင်းပေါ်လာတယ်။ အမေနဲ့ မတွေ့ချင်ပေမယ့် ကျောင်းနေဖက် ငယ်သူ ငယ်ချင်းတွေ ပြန်တွေဖို့ပွဲကို ကျနော် လက်မလွှတ်နိုင်ဘူးလေ။
မြို့ကိုရောက်ရောက်ချင်း အချစ်ဆုံး သူငယ်ချင်းက "မင်းအမေ ဆုံးသွားတာ တလလောက်ရှိပြီ သူငယ်ချင်း။ မင်းအတွက် စာတစောင် ပေးထားခဲ့တယ်" လို့ ပြောရင်း စာရွက်အဖြူလေး တရွက် ထုတ်ပေးပါတယ်။
အမေ့ချစ်သားလေး၊ ပထမဆုံး အိမ်ကို လာလည်မိခဲ့လို့ အမေတောင်းပန်ပါတယ် သားရယ်။ သားရဲ့ ချစ်စရာ ကလေးတွေကို အမေ ကြောက်အောင် လုပ်ခဲ့မိတဲ့အတွက် အမေ လူမဆန်ဘူးလို့ ခံစားရတယ်။
သားနဲ့ သူငယ်ချင်းတွေ ဆုံတွေ့ပွဲအတွက် အိမ်ကို ပြန်လာမှာသိပေမယ့် အမေ မနေရတော့ဘူးဆိုတာ သိလို့ လာလည်ခဲ့မိတာပါ။
အမေဖြစ်စေချင်တဲ့ လှပတဲ့ ဘဝလေး သားရနေပြီး ကလေးတွေကို အရမ်းချစ်တာတွေ့ရတာ အမေ တသက်တာမှာ အပျော်ဆုံးပါပဲ သားရယ်။
ငယ်ငယ်က ကလေးအချင်းချင်း မတော်တဆ ထိခိုက်မှုကြောင့် သားမျက်လုံးတလုံး ဆုံးရှုံးသွားတုန်းကတော့ အမေ့ဘဝမှာ ဝမ်းအနည်းရဆုံး အချိန်ပေါ့။
အမေ့သားလေး မျက်လုံးတဖက်ထဲနဲ့ ဘဝအရှည်ကြီးကို လျှောက်ရမှာ၊ လောကအလှကို မခံစားနိုင်မှာကို တွေးမိတဲ့ အချိန်က အမေ့ဘဝမှာ အတုန်လှုပ်ဆုံး အချိန်ပေါ့။
အဲဒါတွေကို အမေကြောက်လို့ အမေ့မျက်လုံးတလုံး ငါ့သားကို ပေးခဲ့တာ။ အခုလို မြင်ရတော့ အမေ ကျေနပ်လိုက်တာ။ ဒါတွေကို သိလို့ သားစိတ်မကောင်းဖြစ်စရာ မလိုပါဘူးကလေး။
သား ပုံမှန်ကလေးတွေနဲ့ အတူ ကျောင်းတက် ပျော်ရွှင်စွာဆော့ကစားရတဲ့ နေ့ရက်တွေကတည်းက အမေ့ဘဝ ငြိမ်းချမ်းမှုတွေ ပြည့်ခဲ့ပါပြီ။
အခုလို သားဘဝလေး ပြည့်စုံနေတာဟာ အမေ့အတွက် အပိုဆုလာဒ်ပါ အမေ့ချစ်သားလေး။ ချစ်တဲ့ အမေ" အမေ့တန်ဖိုးကို နားလည်နိုင်သူများဖြစ်ကြပါစေ။ crd
0 Comments