ဒဏ်ရာတွေကို ကြံ့ကြံ့ခံနိုင်ဖို့လိုတယ်

တခါက သနပ်ခါးခြံကြီး တခြံ ရှိတယ်။ တနေ့တော့ ခြံပိုင်ရှင်ကြီးက ခြံစည်းရိုး ခတ်ရင်းနဲ့ သံဆူးကြိုးတွေကို သနပ်ခါးပင် တခုမှာ စုပြီး ချည်ထားမိ လိုက်တယ်။

လတွေ ချီပြီး နှစ်တွေ ကြာလာတော့ သနပ်ခါးပင် ကြီးလာတာနဲ့ အတူ သံဆူးကြိုးတွေဟာလည်း ပင်စည်ထဲကို ဖြည်းဖြည်းချင်း မြုပ်ဝင် သွားကြပါတယ်။

ဒီလိုနဲ့ ရာသီဥတု ဖေါက်ပြန်ပြီး အပင်မှိုရောဂါတမျိုးဟာ သနပ်ခါးခြံမှာ ပေါက်ဖွား ပြန့်နှံ့သွားပါတယ်။ မှိုစွဲကပ်ခံရတဲ့ အပင်တွေအားလုံး ညှိုးနွမ်းကုန်ပြီး ရေဓါတ်ခန်းခြောက်ကာ သေကုန်ကြပါတယ်။

အပင်တွေ တဖြုတ်ဖြုတ်နဲ့ သေကုန်လိုက်ကြတာ တလအတွင်းမှာပဲ တခြံလုံး ထင်းဖြစ်သွားပါတယ်။

ခြံပိုင်ရှင်လည်း စိတ်ပျက်လက်ပျက်နဲ့ ဒီအတိုင်း ပစ်ထားပြီး မြို့ပေါ် တက်သွားပါတယ်။ မိုးဦးဝင်တော့ ခြံရှင် ပြန်လာကြည့်တယ်။

ခြံပိုင်ရှင်ဟာ အပင်တပင်တည်း ရှင်သန်ပြီး အရွက်တွေနဲ့ စိမ်းစိုနေတာကို အံ့သြစွာနဲ့ တွေ့လိုက်ရတယ်။ ခြံရှင်လည်း သေချာ အနီးကပ် ကြည့်လိုက်တဲ့အခါ သံဆူးကြိုးတွေ မြုပ်ဝင်နေတဲ့ အပင် ဖြစ်နေပါတယ်။

နားလည်တဲ့သူကို ခေါ်ပြီး မေးကြည့်တော့မှ ဒီအပင် ရှင်သန်နေတာဟာ သံဆူးကြိုးတွေကြောင့်လို့ သိရတယ်။ သံဆူးကြိုးတွေ မြုပ်ဝင်သွားတော့ အပင်က သူ့ရဲ့ ကိုယ်ခံအားတွေ အလိုလို ထွက်လာပြီး တွန်းလှန်ပါတယ်။

ပြင်ပက ဝင်လာတဲ့ အရာတွေကို တွန်းလှန်နေရတော့ သူ့အလိုလို anti virus တွေ ထွက်လာပြီး မှိုရောဂါကို တိုက်ဖျက်သွားခြင်း ဖြစ်ပါတယ်။

သနပ်ခါးပင်ကြီးဟာ သူ့ကို ဒဏ်ရာရစေတဲ့ သံဆူးကြိုးတွေကြောင့်သာ ရှင်သန်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လောကကြီးကလည်း ဒီလိုပါပဲ။ လောကဓံ ဆိုတဲ့ သံဆူးကြိုးဒဏ်ကို နာကျင်အောင် ခံနေရပေမယ့်လည်း အဲ့ဒီဒဏ်ကို ကြံ့ကြံ့ခံ တွန်းလှန်နိုင်ရင်တော့ ရှင်သန်ခြင်း၊ ကြီးထွားခြင်း၊ အောင်မြင်ခြင်းဆိုတဲ့ သုခချမ်းသာကို ခံစား စံစားရမှာပါ။ Crd

Post a Comment

0 Comments