တခါက တောစပ်တနေရာ၌ ခွေးလင်မယား နှစ်ကောင်ဟာ အကြောင်းဆက်၍ ပေါင်းဖက်ကာ နေကြလေသတဲ့ကွယ်။ တနေ့ အစာရှာထွက်ရာ၌ သန္ဓေအရင့်မာ လွယ်ထားရရှာတဲ့ ခွေးမယားဖြစ်သူကို ခွေးလင်ဖြစ်သူက အစာရှာ မလိုက်ရန် ပြောဆို သတဲ့။
ခွေးမယား လုပ်သူကလည်း မနေခဲ့နိုင်ဘူးပေါ့။ မောင်တထမ်း မယ်တရွက် သေအတူ ရှင်မခွါပေါ့။ ပြောမရတဲ့အဆုံးမှာ အတူတူ အစာရှာ ထွက်လာရင်းက ခွေးမက သားမွေးဖို့ အချိန်တန်လာတော့ သားမွေးစရာ နေရာရှာရင်း အတန်သင့် လုံခြုံ၍ ကျယ်ဝန်းသော ဂူတဂူကို အဆင့်သင့် တွေ့ရလို့ မီးဖွါး လေတော့တယ်။
ဒါပေမဲ့ သူတို့ မီးဖွါးခဲ့ရာ ဂူဟာ ကျားနေတဲ့ ဂူဖြစ်နေတော့ အလွန်ကြီးမားတဲ့ အန္တရယ်နဲ့ ရင်ဆိုင် ကြုံတွေ့ရတော့မယ် ဆိုတာ သိနေရပြီ ဆိုတော့ ခွေးမယားက အကြံပြုသတဲ့။
"ရှင် ဒီလိုကြောက်နေလို့ မပြီးဘူး ကျမပြောသလို တဝေမတိမ်း လိုက်နာစမ်းပါ။ ဒီလိုပြော ဒီလိုဆို ကျုပ်ပြောတာ မမေ့နဲ့" ပေါ့။ စသဖြင့် အတိုင်အဖေါက်ညီညီ တိုင်ပင်ထား ကြတယ်။
အချိန်တန်လို့ အစာရှာက ပြန်လာတဲ့ကျားက သူ့ဂူထဲက ထူးထူးခြားခြား ခွေးအပေါက်ကလေးတွေ အော်မြည်သံ ကြားရလို့ ဂူထဲ တန်းမဝင်သေးဘဲ ဂူဝကနေ ချောင်းပြီး နားထောင်နေသတဲ့။ အဲဒီအချိန်မှာ ဂူထဲမှာရှိ နေတဲ့ ခွေးလင်မယားက အတိုင်အဖေါက်ညီညီ လုပ်ငန်း စလိုက်ကြတယ်။
"ရှင်မရေ ကလေးတွေက ငိုလှချေလားကွယ့်"
"ငိုမှာပေါ့တော် ဆာတာကိုး"
"ဟ ဟိုတနေ့ကမှ ငါကိုက်သတ်ချီလာတဲ့ ကိုးတောင်ကျားကြီးကရော့"
"အဲဒါ ရှင့်သားတွေ စားလိုက်လို့ ကုန်ပေါ့။ ရှင့်သားတွေက သိပ်အစားကြီးတာ"
"အေးအေး ငါထွက်ရှာလိုက်ဦးမယ် ပြောရင်းဆိုရင်း ကျားနံ့ရတယ် ငါထွက်ကြည့်လိုက် ဦးမယ်"
အပြင်မှာ နားထောင်နေတဲ့ ကျားကြီး အလိုလို ဖင်ကျောတွေရှုံ့ အမြှီးတွေကုတ် တချိုးထဲ လစ်တော့တာ နောက်ကြောင်းကို မလှည့်ရဲဘူး။ ဒီလိုပြေးလာတာကို သစ်ပင်ပေါ်က မျောက်တကောင်က မြင်ပြီး အကျိုးအကြောင်းကို မေးမြန်းစပ်စုသတဲ့။
"အလို ကိုရွှေကျား ရေးကြီး သုတ်ပျာနဲ့ အမောတကော ပြေးလာလိုက်တာ ဘယ်လိုများ အရေး ကြုံလာလို့လဲ"
"ပြောမပြော ချင်ပါဘူး ကိုရွှေမျောက်ရယ်။ ကျုပ်အဖြစ်က ဒီလိုဗျ" ဆိုပြီး ရှင်းပြတယ်။
"ဟာ မဖြစ်နိုင်တာ ကိုရွှေကျားရယ် ကျားကသာ ခွေးသားကို စားလာတာ ကမ္ဘာ့အစဉ်အလာပါဗျ။ ခွေးက ကျားကို သတ်စား တယ်ဆိုတာ အစဉ်အလာ မရှိပါဘူး။ တခုခု တော့ လွဲနေပြီ။ လာဗျာ ကျုပ်နဲ့ အတူသွားပြီး စုံစမ်းကြရအောင်"
"မလုပ်ပါနဲ့ ကိုရွှေမျောက်ရယ် အရေးအကြောင်းဆို ခင်ဗျားက သစ်ပင်ပေါ် တက်ပြေး လွတ်တယ်ဗျ။ ကျုပ်မှာက ဒီတခါ ခွေးရန်က လွတ်အောင် ပြေးဘို့ မလွယ်ဘူး"
"ကိုရွှေကျားကလည်း ကြောက်တတ်ရန်ကော ခင်ဗျား မယုံရင် ကျုပ်နဲ့ခင်ဗျား အမြီးချင်း ချည်ထားကြမယ်လေ"
"အင်း ဒီလိုဆိုရင်တော့ ကောင်းတာပေါ့"
ဒီလိုနဲ့ ကျားနဲ့မျောက် အမြီးချင်း ချည်ပြီး လာတာကို ခွေးကမြင်တော့ ခပ်တည်တည်နဲ့
"ကိုရွှေမျောက်ရယ် ခင်ဗျားက မိတ်ဆွေ အချင်းချင်း ကတိမတည်ရန်ကော။ ကျုပ်ဆီက ချေးယူစားထားတာက ကိုးတောင်ကျား။ အခု ခင်ဗျား ပြန်အချေးဆပ်တာက ခြောက်တောင်ကျား။ မကျေနပ်နိုင်ဘူးဗျာ။ နောက်ထပ် ကျားတကောင် ထပ်ရှာခဲ့ဦး"
အလိုလိုမှ ကြောက်ရွံ့ကြောက်ရွံ့နဲ့ လာခဲ့ရတဲ့ကျားဟာ ခွေးစကားလည်း ကြားရော တချိုးထဲ ပြေးတော့တာဘဲ။ နောက်က အမြီးချင်း ချီထားတဲ့ မျောက်က တရွတ်တိုက် ပါသွားတော့တယ်။ ပြေးရင်း လွှားရင်း ဒရွတ်တိုက် ပါလာတဲ့ မျောက်က သစ်ငုတ်နဲ့ ဆောင့်မိပြီး သေရှာပါလေရော။
ကျားက မောလို့ နောက်လှည့်ကြည့်မိပါတယ်။ ပါးစပ်ထဲက သွေးစို့ နေတဲ့ မျောက်ကိုကြည့်ပြီး ပြောလိုက်ပုံက "ဟင်း ဒီမှာ ပြေးလိုက်ရတာ မောလို့ အရေးထဲမှာ ကိုရွှေမျောက်က ကွမ်းစားတောင် မပျက်ဘူးဗျာ" တဲ့။
အသိနည်းပါးတဲ့ကျား ခွေးစကားယုံလွယ်မှားတော့ မောရပြီပေါ့။ ပြောတိုင်း မယုံတတ်တဲ့ အကျင့်ကို ကျင့်ကြံ၍ ဆင်ခြင်တွေးတော နိုင်ကြပါစေ။ crd
0 Comments