စိတ်မပါလည်း အကောင်းဆုံးလုပ်ပါ

လူတယောက်ဟာ ငယ်စဉ်လူလတ်ပိုင်း အရွယ်ကတည်းကနေ အသက်အရွယ် ရလာတဲ့အထိ လက်သမားအတတ်ပညာ တခုတည်းနဲ့သာ အသက်မွေးဝမ်းကျောင်း ပြုခဲ့ပါတယ်။

တဖြည်းဖြည်းနဲ့ အသက်အရွယ်ကြောင့် လှုပ်ရှားမှုတွေ နှေးကွေးလာတဲ့အခါ သူရဲ့ အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ လက်သမားအလုပ်ကနေပြီးတော့ အနားယူဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

အလုပ်က အနားယူတော့မယ့် အကြောင်းကို နှစ်အတော်အကြာ လက်တွဲပြီး လုပ်ခဲ့တဲ့ သူရဲ့အလုပ်ရှင်ကို ပြောပြလိုက်ပါတယ်။

အဲဒီအကြောင်းကို အလုပ်ရှင်ဖြစ်သူက ကြားသိလိုက်တဲ့အခါ ဝမ်းနည်းသွားခဲ့ပြီး နောက်ဆုံးအနေနဲ့ အိမ်တလုံးကို ဆောက်လုပ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီတောင်းဆိုချက်ကို လက်သမားဖြစ်သူကလည်း လက်ခံခဲ့ပါတယ်။

ဒါပေမဲ့ တကယ်တမ်း လုပ်ငန်း စတင်လုပ်ကိုင်တဲ့ အခါမှာတော့ သူဟာ အရင်လို တက်တက်ကြွကြွ လုပ်ကိုင်ခြင်း မရှိတော့ဘဲ ကတိတခုကြောင့် ဆောက်လုပ်ပေးတဲ့ သဘောမျိုးနဲ့သာ ဆောက်လုပ်ခဲ့ပါတယ်။

အိမ်ဆောက်ရာမှာလည်း ဈေးသက်သာတဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေနဲ့ သာမန်အလုပ်သမားတွေကိုသာ ရွေးချယ်ပြီး အမြန်ဆုံး ပြီးစီးအောင် ဆောက်လုပ်လိုက်ပါတယ်။

တဖြည်းဖြည်းနဲ့ ဆောက်လုပ်လာခဲ့ရာ အိမ်တအိမ်လုံး ဆောက်လုပ်ပြီးစီးတဲ့နေ့ကို ရောက်ရှိလာခဲ့ ပါတော့တယ်။ အဲဒီအခါ လက်သမားဆရာကြီးက သူရဲ့အလုပ်ရှင်ကို ခေါ်ပြီး ပြပါတယ်။

ဒီအခါမှာတော့ အလုပ်ရှင်ဖြစ်သူက မမျှော်လင့်ထားတဲ့ အပြုအမူတခုကို ပြုလုပ်လိုက်ပါတယ်။ ဘာလဲဆိုတော့ စက္ကူစာအိတ်တအိတ်ကို ယူလာခဲ့ပြီး လက်သမားဆရာကြီးကို ပေးပြီး ဖွင့်စေပါတယ်။

စာအိတ်ကို ဖွင့်လိုက်တဲ့အခါမှာတော့ ဆောက်လုပ်ပြီးစီးသွားတဲ့ အဆောက်အဦနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ဖြစ်လို့နေပြီး ဒီထက် အံဩစရာကောင်းတာ တခုကတော့ စာရွက်စာတမ်း အားလုံးက လက်သမားဆရာကြီးရဲ့ နာမည်နဲ့ ပြုလုပ်ထားခြင်းပဲ ဖြစ်ပါတယ်။

အဲဒီအခါမှာတော့ ပိုင်ရှင်ဖြစ်သူက "ဆရာကြီး ခင်ဗျား၊ ကျနော်နဲ့ ရေရှည်လက်တွဲပြီး အလုပ် လုပ်လာခဲ့တာ နှစ်ပေါင်း အတော်ကြာခဲ့ပြီ။ အလုပ်ကိုလည်း ကြိုးစားသလို ကျနော့်အပေါ်ကိုလည်း သစ္စာရှိခဲ့တယ်။ ဒါကြောင့် ဒီအဆောက်အဦကို ဆရာကြီးအတွက် ကျနော် လက်ဆောင်ပေးတာပါ။ လက်ခံပေးပါ" လို့ ဆိုလိုက်ပါတယ်။

ဒီအခါမှာတော့ လက်သမားဆရာကြီးက ဘာပြန်ပြောရမှန်း မသိအောင်ဘဲ ငြိမ်သက်သွားပါတယ်။ ကိုယ့်ကိုယ်ကို ရှက်စိတ်နဲ့အတူ နောင်တလည်း ကောင်းစွာ ရမိသွားပါတယ်။

ဒီအကြောင်းအရာလေးနဲ့ ပတ်သတ်ပြီးတော့ မိတ်ဆွေတို့ရော ဘယ်လိုတွေးမိပါသလဲ။ ကျနော်တို့အားလုံး တခါတလေ စိတ်မပါဘဲ ပြောရဆိုရ လုပ်ရကိုင်ရတဲ့ အရာတွေ ရှိပါတယ်။ စိတ်မပါဘဲ လုပ်တဲ့ ဘယ်အရာမဆို အကောင်းဆုံးပုံစံနဲ့ မရရှိနိင်ပါဘူး။

အဲဒီတော့ စိတ်မပါတော့ပေမဲ့ လုပ်ရမယ့် အတူတူ အကောင်းဆုံးသာ လုပ်ပါ။ ပြောရမယ့် အတူတူ အချိုသာဆုံးသာ ပြောပါ။ ကိုယ်ပြုတဲ့ အပြုအမူအတိုင်းနဲ့ တူညီတဲ့ တန်ပြန်သက်ရောက်မှုကို မလွဲမသွေ ပြန်လည်ရရှိလာမှာ ဖြစ်ပါတယ်။ crd

Post a Comment

0 Comments