အကောင်းဆုံးဟင်းနှင့် အဆိုးဆုံးဟင်း

တခါတုန်းက အာဖရိက တောတွင်းမှာရှိတဲ့ လူမျိုးစုခေါင်းဆောင်တယောက်ဟာ သူ့ရဲ့ ငယ်ကျွန်တယောက်ကို ခေါ်ပြီး ခိုင်းစေတယ်။ "ငယ်ကျွန်ကြီး မြို့က အနီးဆုံးဈေးမှာ ငါ့အတွက် အကောင်းဆုံးအသား သွားဝယ်"

အဲဒီလိုနဲ့ ငယ်ကျွန်ဟာ ဈေးကို ထွက်ခွာသွားတယ်။ တခဏ အကြာမှာတော့ သူဟာ တိရစ္ဆာန်တကောင်ရဲ့ လျှာကို ယူဆောင်ပြီးပြန်လာခဲ့တယ်။ အဲဒီလိုနဲ့ နောက်တစ်နေ့မှာလည်း ခေါင်းဆောင်ကြီးဟာ တပည့်ကို ခေါ်ပြန်တယ်။

"ဟေ့ကောင် လျှာက တော်တော် စားကောင်းတာပဲကွ။ ဒီတခါတော့ အညံ့ဆုံးအသား ရှာဝယ်ခဲ့" လို့ ခိုင်းပြန်တယ်။ ငယ်ကျွန်ဟာ "ဟုတ်ကဲ့" ဆိုတဲ့ စကားတခွန်းကိုသာ ပြောပြီး ထွက်ခွာသွား ပြန်တယ်။

ဒီတကြိမ်မှာလည်း သူဟာ လျှာကိုသာ ဝယ်ယူလာခဲ့ ပြန်တယ်။ အဲဒီအခါမှာတော့ ခေါင်းဆောင်ကြီးက ပြောတယ်။ "ဟေ့ကောင် မင့်ဟာက အကောင်းဆုံး အသားကလဲ လျှာပဲ၊ အဆိုးဆုံးအသား ဝယ်ခဲ့ပါ ဆိုတော့လည်း ဒီလျှာပဲ။ မင်းငါကို ငတုံးများမှတ်နေလား"

အဲဒီလို ခေါင်းဆောင်ရဲ့ စကားကို ကြားတဲ့အခါ ငယ်ကျွန်က အခုလို ပြန်ပြောပါတယ်။ "ခေါင်းဆောင်ကြီးခင်ဗျာ၊ လူတယောက်ဟာ လျှာကြောင့် တပါးသူတွေကို ပျော်ရွှင်စေပါတယ်။ အဲဒါကြောင့် လျှာဟာ အကောင်းဆုံး အသားပါပဲ။

အဲဒီလျှာကြောင့်ပဲ တဖက်လူကို ဝမ်းနည်းအားငယ်အောင်၊ စိတ်ဓါတ် ပျက်ပြားအောင် လုပ်လို့ ရပါတယ်။ အဲဒါကြောင့် လျှာဟာ အဆိုးဆုံးသော အသားပါပဲ" လို့ ပြောလိုက်သတဲ့။

ကျနော်တို့ အားလုံးဟာလည်း လျှာနဲ့တင်စားတဲ့ နှုတ်ထွက်စကားတွေကို ပိုင်ဆိုင်ကြသူချည်းပဲ ဖြစ်တယ်။ လျှာကိုယ်စီ ပိုင်ဆိုင်ကြပေမယ့်လည်း တချို့တွေကတော့ အမုန်းတရား၊ လိမ်ညာခြင်း၊ အပုပ်ချခြင်း၊ ခြောက်လှန့်ခြင်း၊ ကြွားဝါခြင်း၊ ဆဲရေးခြင်း၊

မုသားပြောခြင်း၊ တလွဲအထင် ရောက်စေခြင်း၊ ကုန်းချောခြင်း စတဲ့ မကောင်းသော အရာတွေကိုသာ ပွင့်အံထွက်ကျလာလေ့ ရှိကြတယ်။ တနည်းအားဖြင့် မိမိစိတ်ရဲ့ သိမ်ဖျင်းခြင်းကို ဖော်ပြနေတဲ့ လျှာပိုင်ရှင်တွေပဲ ဖြစ်တယ်။

ဆန့်ကျင်ဘက်အားဖြင့် ကောင်းသောလျှာပိုင်ရှင်တွေဟာ လမ်းညွှန်ခြင်း၊ အားပေးခြင်း၊ နှုတ်အားဖြင့် စောင်မခြင်း၊ တပါးသူခွန်အားတက်ကြွဖွယ် စကားကိုသာ ပြောဆိုခြင်း၊ မှန်သောစကားကိုသာ ပြောခြင်း စတဲ့ ကောင်းသော နှုတ်ထွက်စကားတွေကို ပြောကြားကြပြန်တယ်။ သူတို့ရဲ့ စိတ်နေစိတ်ထားကိုလည်း သူတို့လျှာက ကိုယ်စားပြုကြပြန်တယ်။

အဲဒီလို ကောင်းခြင်း ဆိုးခြင်း အစွန်းနှစ်ပါးကို ပိုင်ဆိုင်တဲ့ လျှာကနေ ပွင့်အံလာတဲ့ စကားတခွန်းကြောင့် အများသူငါ ကဲ့ရဲ့စရာ ဖြစ်ပေးလာသလို၊ အဲဒီလျှာကြောင့်ပဲ အများသူငါ ချီးမွမ်းဖွယ် ဖြစ်လာကြပြန်တယ်။

လျှာကြောင့် ဂုဏ်သိက္ခာ ကျဆင်းနိုင်သလို၊ အဲဒီလျှာကြောင့်ပဲ လူ့လောကအလည် ပွဲလည်တင့်နိုင်ပြန်တယ်။ စကားလုံးတွေဟာ တဖက်သားကို ကုစားပေးနိုင်သလို၊ နာလည်း နာကျင်စေနိုင်ပါတယ်။ ဖြိုးသုတ

Post a Comment

0 Comments