တခါတုန်းက အလွန်အာဏာကြီးတဲ့ ဘုရင်တပါးရှိတယ်။ တနေ့တော့ ရှင်ဘုရင်ဟာ နန်းတော်ထဲမှ တယောက်ထဲတိတ်တဆိတ်ထွက်ပြီး တိုင်းပြည်အတွင်း လှည့်လည်ပါတယ်။
ထိုသို့ လှည့်လည်စဉ် သူတောင်းစားတယောက်ကို တွေ့မြင်မိတယ်။ သူတောင်းစားကို တွေ့တော့ ရှင်ဘုရင်က မေးတယ်။
"မင်း ဘာလိုရှိသလဲ"
ထိုအခါ သူတောင်းစားက သဘောကျစွာရယ်မော၍ "ဘယ်လို သင်က ငါ့အလိုဆန္ဒတွေ ဖြည့်ဆည့်ပေးနိုင်သူ တယောက်လို မေးနေတာလား" ဟု ပြန်ဖြေလိုက်တယ်။
ရှင်ဘုရင်က သူတောင်းစား ပြန်ဖြေကြားချက်ကို နားထောင်ပြီး စိတ်မကျေမနပ် ဖြစ်ကာ
"ငါက ဘုရင်ကွ မင်းရဲ့ အလိုဆန္ဒတွေကို ပြည့်ဝသွားအောင် ဖြည့်ဆည်းပေးနိုင်တယ်။ ပြောစမ်း ဘာတွေ မင်းလိုအပ်နေသလဲ။ မင်းလိုအပ်နေတာတွေ ဖြည့်ဆည်းပေးမယ်လို့ ငါ အာမခံတယ်"
သူတောင်းစားက အလေးမထားသော မျက်နှာဖြင့် "သင် က ငါရဲ့ အလိုဆန္ဒတွေ ဖြည့်နိုင်တယ်လို့ အာမမခံခင် သေချာ စဉ်းစားသင့်တယ်နော်"
ဤသို့ သူတောင်းစားက စဉ်းစားဖို့ ပြောကြားသည့်တိုင် ရှင်ဘုရင်သည် မိမိရဲ့ ကြီးမြင့်သော အာဏာကို မှီလျှက် "မင်း လိုအပ်တာ ငါဖြည့်ပေးနိုင်တယ်" ဟုသာ ထပ်ခါ ပြောကြားပါတယ်။
(ရှင်ဘုရင်ကြီး မသိတာက သူတောင်းစားဟာ စင်စစ်သူတောင်းစား အစစ် မဟုတ်ပါဘူး။ သူဟာ အတိတ်ဘဝတုန်းက ရှင်ဘုရင်ကြီးရဲ့ ဆရာရှင် ဖြစ်ခဲ့ဖူးပြီး၊ အခုလို တွေ့ဆုံခြင်းကလည်း ရှင်ဘုရင်ကို အသိဉာဏ် ပွင့်စေဖို့နှင့် အတ္တကြီးသော စိတ်ထားမှ လွတ်မြောက်စေဖို့ အတွက်ပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် အကျွတ်တရား ရစေဖို့ ဖြစ်ပါတယ်)
သူတောင်းစားသည် ခွက်တလုံးကို ရှင်ဘုရင်ရှေ့ ထိုးပေးလျက် "သင်က ကျွန်ုပ်ရဲ့ အလိုဆန္ဒကို ဖြည့်ဆည်းမယ်ဆိုလျင် ဒီခွက်ကိုသာ သင်ဖြည့်ဆည်းလိုရာ ဖြည့်ပြီး ခွက်ပြည့်သွားအောင် လုပ်ပေးပါ" လို့ ရိုးရှင်းစွာပင် ပြောဆိုပါတယ်။ ဘုရင်က ဖြစ်စေရမယ် ဟု ဝန်ခံကာ သူ့အစေခံကို ဆင့်ခေါ်လျက် သူတောင်းစား ခွက်ထဲသို့ ပိုက်ဆံတွေ ထည့်ပြီး ဖြည့်ပေးလိုက်ဖို့ ပြောပါတယ်။
အစေခံလည်း ပိုက်ဆံအချို့ကို ယူဆောင်လျက် သူတောင်းစားခွက်ထဲသို့ ထည့်ပေးလိုက်ပါတယ်။ အစေခံ ပိုက်ဆံထည့်လျက် ရှိနေစဉ်တွင် ခွက်ထဲကျသွားတဲ့ ပိုက်ဆံဟာ ပျောက်ကွယ်သွားတယ်။
ခွက်က မူလအတိုင်း ဗလာဖြစ်သွားတယ်။ ထို့နောက် အစေခံက ပိုက်ဆံတွေ ထပ်ခါထည့်တယ်။ ခွက်ထဲရောက်သမျှ ပိုက်ဆံကလည်း ပျောက်ကွယ်သွားပြီး ခွက်ဟာ မူလအတိုင်း ဗလာဖြစ်လျက်ပင်။
ပိုက်ဆံဘယ်လောက် ဖြည့်ဖြည့် ခွက်ဟာ ပြည့်လာတယ်ဆိုတာ မရှိဘူး။ ရှင်ဘုရင်က သူ့အစေခံကို စိန်တွေ၊ ပုလဲတွေ၊ ရတနာတွေယူခဲ့ပြီး ခွက်ထဲထည့်ဖို့ ပြောပါတယ်။ အစေခံလည်းဘုရင် အမိန့်အတိုင်း ရတနာတွေကို ခွက်ထဲထည့်လိုက်ပြန်ပါတယ်။
ရတနာတွေကလည်း အရင်ပိုက်ဆံတွေအတိုင်း ပျောက်ကွယ်သွားပြန်တာပဲ။ ခွက်က အောက်ခံအပိတ် မပါဘူး ထင်တယ်။ ဘာဝတ္ထုပစ္စည်း ထည့်ထည့် ပျောက်ကွယ်သွားတာပဲ။
အဲဒီလိုပုံစံဖြင့် ညနေစောင်းချိန် ရောက်ခဲ့ပါပြီ။ ပတ်ပတ်လည်မှာ လူအများကလည်း မျက်လှည့်ပွဲကြည့်သလို ဝိုင်းအုံ၍ ကြည့်နေကြတယ်။ နောက်ဆုံးမှာ ရှင်ဘုရင်သည် ခွက်ကို ဘယ်တော့မှ ပြည့်အောင် မဖြည့်နိုင်တော့ကြောင်းဖြင့် သူတောင်းစားကို အရှုံးပေး ဝန်ခံလိုက်ပါတယ်။
ရှင်ဘုရင်က "သင် နိုင်ပါတယ်။ ဒါပေမယ့် ကျွန်ုပ်တောင်းဆိုပါရစေ သင်ထွက်မသွားခင် အသင့်ခွက်ဟာ ဘာနဲ့ လုပ်ထားတဲ့ ပစ္စည်းလဲဆိုတာ ပြောကြားခဲ့ပါ" လို့ ပြောပါတယ်။
ထိုအခါ သူတောင်းစားက "ဒီခွက်ဟာ လူ့စိတ်နဲ့ လူ့အလိုဆန္ဒများဖြင့် ပြုလုပ်ထားတဲ့ ခွက် ဖြစ်ပါတယ် လို့ ပြန်ဖြေလိုက် ပါတော့တယ်။
လူ့အလိုဆန္ဒတွေဟာ ဘယ်လောက် အမျိုးမျိုး ပြောင်းလဲနေတယ်ဆိုတာ ကျွန်ုပ်တို့ သိနားလည်ထားရမှာ ဖြစ်ပါတယ်။ ပထမ ကျွန်ုပ်တို့ဟာ အလိုဆန္ဒတခုအပေါ် စိတ်လှုပ်ရှားစွာ ဖြစ်နေသောကြောင့် ထိုအလိုဆန္ဒကို ဖြည့်ဆည်းလိုက်တယ်။
အဲဒီလို ဖြည့်ဆည်းလိုက်တဲ့အခါ ရုတ်တရက်ပဲ ဒီအလိုဆန္ဒဟာ အဓိပ္ပါယ်မရှိတော့သလို ခံစားလိုက်ရတယ်။ စိတ်လှုပ်ရှားမိသည့်အလျောက် မိမိရဲ့ အလိုဆန္ဒကိုပြည့်ဝသွားအောင် ဖြည့်လိုက်တယ်။
ဖြည့်လိုက်ပြီးတဲ့အခါ ထိုအလိုဆန္ဒက ပြည့်ဝသွားတာ မဟုတ်ပဲ၊ ခွက်ထဲ ထည့်လိုက်မိသည့် အရာဝတ္ထုတွေလို ပျောက်ကွယ်လျက် နောက်ထပ် အလိုဆန္ဒအသစ်တွေကိုသာ ထပ်ဖြည့် ချင်နေ ပြန်ပါတယ်။ အလိုဆန္ဒတွေ တခုမှတခု ပြောင်းလဲသွားတယ်။
ပြောင်းလဲသွားသလိုပဲ အမျိုးမျိုး ဖြည့်ဆည်းကြတယ်။ မည်သို့ပင် ဖြည့်ဆည်းကြစေကာမူ လူ့အလို လောဘဆိုတာ သူတောင်းစားရဲ့ မှော်ဆန်သော ခွက်လိုပါပဲ။
ထည့်သလောက်လည်း မပြည့်ဘူး။ ပျောက်ကွယ်သွားကြတယ်။ နောက်ထပ်အလိုဆန္ဒအသစ်တွေ ထပ်ဖြည့်ကြပြန်တယ်။ ခွက်ကား မပြည့်၊ ဗလာဖြစ်မြဲ လိုအပ်နေမြဲသာ။
အမှန်တရားရှာသည့် ခရီးလမ်းဆိုတာ လူ့အတွင်းမနောသာ ဖြစ်တယ်။ လူ့အတွင်းမနောမှ တွေ့ရတဲ့ လူသားအလိုဆန္ဒ ဆိုတာ ဘယ်သောအခါမှ အဆုံးသတ်မရှိ၊ ပြီးသွားတယ် ပြည့်သွားတယ်ဆိုတာ မရှိ။
သူတောင်းစား မှော်ခွက်ကဲ့သို့ ဘယ်လောက်ဖြည့်ဖြည့် မပြည့်။ ဖြည့်ဆည်းသလောက်လည်း အဖတ်တင် ကျန်ရစ်တယ် ဆိုတာမရှိပါဘူး။ အားလုံး ပျောက်ကွယ်သွားတာချည်းပင်။ Oo Thaw
0 Comments