တခါတုန်းက အိန္ဒိယနိုင်ငံမှာ မဂိုအင်ပါယာလို့ အမည်ရတဲ့ အင်ပါယာကြီးတခု ထွန်းကားခဲ့ တယ်။ အဲဒီအင်ပါယာရဲ့ ပြည့်ရှင့်ဧကရာဇ်ကတော့ အက္ကဘာပေါ့ကွယ်။
အက္ကဘာဘုရင်ကြီးဟာ သူ့ရဲ့ အမတ်တွေကို အဖြေရ ခက်စေမယ့် ဉာဏ်စမ်းပဟေဠိတွေ မေးရတာ တော်တော် ဝါသနာပါသတဲ့။
သူဟာ ထူးဆန်းပြီး ခက်ခဲ့တဲ့ မေးခွန်းမျိုးတွေ မကြာခဏမေးလေ့ရှိတယ်။ သူ မေးတဲ့ မေးခွန်းတွေကို ဖြေနိုင်ဆိုနိုင်ဖို့ဆိုတာ အတော်ကို ပညာဉာဏ်ကြီးမားမှသာလျှင် ဖြစ်နိုင်ပေလိမ့်မယ်။
တနေ့မှာ အက္ကဘာဘုရင်ကြီးဟာ ညီလာခံတခုမှာ သူ့ရဲ့အမတ်တွေကို မေးခွန်းတခု မေးလိုက်သတဲ့။ မေးခွန်းက ထူးဆန်းတော့ အမတ်အားလုံးလည်း ဆွံ့အသွားကြပြီး ဘာပြန်ဖြေလို့ ဖြေရမယ်မှန်းမသိ ဖြစ်နေကြတယ်။
ဘုရင်ကြီးဟာ သူ့အမတ်တွေဆီက အဖြေရဖို့ တယောက်ပြီးတယောက် လိုက်ကြည့်တယ်။ အားလုံးဟာ အဖြေ ပြန်ပေးနိုင်ဖို့ ခေါင်းတွေငုံ့ပြီး အားစိုက်ထုတ် စဉ်းစားနေကြသတဲ့။
အဲဒီအချိန်မှာပဲ ညီလာခံထဲကို ပညာရှိအမတ်ကြီးဘီဘာ ရောက်လာပါတယ်။ ဘုရင်ကြီးရဲ့ စိတ်သဘောကို နားလည်တဲ့ အမတ်ကြီးဟာ ညီလာခံမှာ ဖြစ်နေတဲ့ အခြေအနေတွေကို တချက်ကြည့်လိုက်ရုံနဲ့ သဘောပေါက်လိုက်တာမို့ ရောက်ရောက်ချင်း ပဲ ဘုရင်ကြီးကို မေးလိုက်တယ်။
"မေးခွန်းရဲ့ အဖြေကို ကြိုးစား ရှာဖွေနိုင်ဖို့အတွက် ကျွန်တော်မျိုးအနေနဲ့ အရှင်မင်းကြီးရဲ့ မေးခွန်းကို သိခွင့်ရှိပါသလားအရှင်"
"ငါ့ရဲ့ နန်းမြို့ တော်ထဲမှာ ကျီးကန်း ဘယ်နှစ်ကောင်ရှိသလဲ အမတ်ကြီး" လို့ အက္ကဘာဘုရင်ကြီးက မဆိုင်းမတွ ပြောလိုက်တယ်။
အမတ်ကြီးဘီဘာက နည်းနည်းလေးမှတောင် စဉ်းစားမနေတော့ဘဲနဲ့ အောက်ပါအတိုင်း ပြန်ဖြေသတဲ့။ "ကျီးကန်းပေါင်း ငါးထောင်ငါးရာနဲ့ ရှစ်ဆယ့်သုံးကောင် ရှိပါတယ် အရှင်မင်းကြီး"
အက္ကဘာမင်းကြီးလည်း အံ့သြပြီး အောက်ပါအတိုင်း ထပ်မေးလိုက်တယ်။ "အဲဒီလောက်တောင် သေချာရဲ့လား အမတ်ကြီးရဲ့"
"မှန်ပါ။ ရဲမက်တွေကို လွှတ်ပြီး လိုက်လံ ရေတွက် ကြည့်ခိုင်းနိုင်ပါတယ် အရှင်။
တကယ်လို့ ကျွန်တော်မျိုးပြောတဲ့ အရေအတွက်ထက် ပိုနေရင်တော့ တခြားနယ်က ကျီးကန်းတွေက သူတို့အမျိုးတွေဆီ လာလည်နေကြတာ ဖြစ်နိုင်ပါတယ်။
တကယ်လို့ လျော့နေတယ် ဆိုရင်တော့ နယ်ခံကျီးကန်းတချို့ဟာ တခြားနယ်က သူတို့ အမျိုးတွေဆီ သွားလည်နေကြတာ ဖြစ်နိုင်ကြောင်းပါ အရှင်မင်းကြီး"
အမတ်ကြီးရဲ့ ပညာဉာဏ်နဲ့ ပြည့်စုံတဲ့ အဖြေကို ကြားလိုက်ရတဲ့အခါမှာ အက္ကဘာဘုရင်ကြီးလည်း ကျေနပ်နှစ်သိမ့်သွားတော့သတဲ့ကွယ်။ crd
0 Comments