တရက်မှာ ကြွက်ကလေးတကောင်က ပေါက်ပေါက်ဆုပ်တွေ အပြည့်ထည့်ထားတဲ့ ခြင်းတောင်းတခုကို အနံ့ခံရင်း တွေ့သွားပါတယ်။
ကြွက်ကလေးက ပေါက်ပေါက်ဆုပ်တွေ စားချင်တဲ့ အတွက်ကြောင့် ခြင်းတောင်းကို သူ့တကိုယ်စာ အပေါက်လေး ဖောက်လိုက်ပါတယ်။ ထိုအပေါက်လေးထဲကနေ ခြင်းတောင်းထဲ ဝင်ပြီး ပေါက်ပေါက်တွေ စားပါတော့တယ်။
စားလို့လည်း ဝ၊ မောလည်း မောသွားတဲ့အခါ ထိုအပေါက်လေးထဲကနေ ပြန်ထွက်ဖို့ ကြိုးစားတဲ့အခါ ပြဿနာ တက်တော့တာပါပဲ။
ပေါက်ပေါက်တွေ အများကြီး စားထားတဲ့ ကြွက်ကလေးရဲ့ ဗိုက်ကလေးက ပူနေတဲ့အတွက် ဝင်ကာစက ဖောက်ထားတဲ့အပေါက်လေးနဲ့ မဆန့်တော့ဘဲ အပေါက်လေးမှာ ကြွက်ကလေးဟာ တစ်နေပါတော့တယ်။
စိတ်ညစ်သွားတဲ့ ကြွက်ကလေးဟာ ဘာလုပ်ရမှန်းမသိဘဲ ငိုပါတော့တယ်။ အဲဒါကို ကြားပြီး အနားကို ရောက်လာတဲ့ ယုန်ကလေးက "သူငယ်ချင်းဘာဖြစ်တာလဲ" လို့ မေးလိုက်ပါတယ်။
ကြွက်ကလေးက အကျိုးအကြောင်း ပြောပြတဲ့အခါ ယုန်ကလေးက အကြံပေးပါတယ်။ "မင်းက အစားတွေ အများကြီး စားထားလို့ ဗိုက်ပြည့်နေတာကိုး။
မင်းဗိုက် ပုံမှန်အတိုင်း ပြန်ဖြစ်တဲ့ အချိန်ထိ ခဏစောင့်ပြီးမှ အပြင်ပြန်ထွက်ပေါ့ကွ" လို့ ပြောလိုက်ပါတယ်။ ပြောပြီးတာနဲ့ ရယ်မောပြီး ယုန်ကလေးက ပြေးထွက်သွားပါတယ်။
ကြွက်ကလေးကလည်း ဗိုက်လေးပြီး ခြင်းတောင်းလေးထဲမှာ အိပ်ပျော်သွား ပါတော့တယ်။ နောက်တနေ့မနက် ရောက်တဲ့အခါ သူ့ရဲ့ဗိုက်က ချပ်သွားပြီး ဗိုက်ပြန်ဆာလာ ပြန်ပါတယ်။
အဲဒီလိုနဲ့ ပေါက်ပေါက်ဆုပ်တွေ ထပ်စားလိုက် ပြန်ပါတယ်။ ဗိုက်ဆာဆာနဲ့ စားလို့ ဝတော့မှ ခြင်းတောင်းထဲက ပြန်ထွက်ဖို့ သတိရ သွားပြန်တယ်။
"အို ကိစ္စမရှိပါဘူး မနက်ဖြန်ကျမှ အပြင်ထွက်တော့မယ်" လို့ တွေးလိုက်ပါတယ်။ သိပ်မကြာခင်မှာ ခြင်းတောင်းအနားကို ကြောင်တကောင် ရောက်လာပါတယ်။ ကြွက်ရဲ့အနံ့ကိုရတဲ့ ကြောင်က ကြွက်ကို လိုက်ရှာပါတော့တယ်။
ခြင်းတောင်းထဲ အိပ်ပျော်နေတဲ့ ကြွက်ကိုတွေ့တော့ ကြောင်က ဖမ်းလိုက်ပြီး အားရပါးရ ကိုက်စားလိုက် ပါတော့တယ်။ အစားမက်တဲ့ ကြွက်ကလေးကတော့ ကြောင်ကြီးလက်ချက်နဲ့ အသက်ဆုံးရှုံး သွားရပါတော့တယ်။ BAWA
0 Comments