ဆင်သည် ကုန်းသတ္တဝါ အပေါင်းတို့တွင် ကိုယ်ထည်အကြီးဆုံး ဖြစ်သည်။ ခွန်အားလည်း အကြီးဆုံးဖြစ်၏။ သို့သော် သူ့ခြေတဖက်စာပင် မရှိသော လူတို့က ဖမ်းဆီးချုပ်နှောင်၍ စေခိုင်းသည်ကို ခံရသည်မှာ အံ့ဩဖွယ်ဖြစ်ပါသည်။ ဆင်သည် လူတို့ကို အဘယ်နည်း အရှုံးပေးခဲ့ရပါနည်း။
ရှေးဆင်အမှုထမ်းများသည် တောနက်အတွင်းသို့ ဝင်၍ ဆင်ခြေရာများကို လေ့လာပြီး ဆင်အုပ်များကို ရှာဖွေကြသည်။ ဆင်အုပ်ကို တွေ့ပြီဆိုလျှင် ဆင်ချော၊ ဆင်လှကို ရွေးချယ်ကာ ဆင်ယဉ်များကို အသုံးပြုလျက် ဝိုင်းဝန်းဖိညှပ် အုပ်စုခွဲကြရ၏။ (ဆင်ကို သင်းကွဲစေခြင်း)
သေချာကျနစွာ ဝိုင်းဝန်းပိတ်ဆို့မိပြီ ဆိုပါက ဆင်ရိုင်းခြေအကြွတွင် ကျနစွာ စီရင်ထားသည့် လွန်နှင့် လှမ်းချိန်ပစ်ပြီး ကျော့ကွင်း စွပ်စေ၏။
ဆင်ရိုင်းက ထွက်ပြေးလျှင် ကြိုးရှည်ရှည်လှံကာ နောက်မှ လိုက်ကြသည်။ ယင်းနောက် ကြိုးတစကို သစ်ပင်ကြီးတပင်၌ ခိုင်မြဲစွာ နှောင်ကြသည်။
မောပန်းစပြုနေသော ဆင်အား ကြိုးစကို တစတစ တိုစေလျက် ဆင်ယဉ်များဖြင့် ညှပ်ကာ နောက်ဆုံးတွင် သစ်ပင်နှင့် ကပ်၍ ချည်နှောင်လိုက်တော့သည်။ မောပန်းနေသည့်အတွက် တောဆင်မှာ မရွှေ့နိုင်အောင် ငြိမ်သက်နေရသည်။ ရက်အတန်ကြာအောင် အစာရေစာ မပေးပဲ ထားကြသည်။
အချိန်ကြာလာသည့်အခါ ဆင်သည် အင်အား ချိ့နဲ့လာသည်။ အစပိုင်းတွင် ကြိုးကို ရုန်းကြည့်သည်။ အင်အားမပြည့်သည့်အတွက် မရုန်းနိုင်၊ နောက်တော့ လုံးဝရုန်းခြင်း မပြုတော့။ နောက်ဆုံး မြေပေါ် ဝပ်လဲ ကျသွားတဲ့အထိ အားအင်ချိ့နဲ့ သွားတော့သည်။
ထိုအချိန်တွင် ဆင်ထိန်းသည် ဆင်အနားသို့ ချဉ်းကပ်လာသည်။ မြေပေါ်တွင် ဝပ်လဲကျနေသော ဆင်ကြီးက အားယူ၍ ထသည်။ သို့သော် မရ။
တခါက သူ့မှာရှိခဲ့ဖူးသော ခွန်အားများ၊ သန်မာမှုများမှာ သူ့တွင် မရှိတော့ပေ။ ရုပ်ပိုင်းဆိုင်ရာ အရ ဆင်သည် လူတို့ လက်အောက် ကျရှုံးသွားခဲ့ပြီ။
ထိုအချိန်တွင် ဆင်ထိန်းသည် သူ့ဦးကင်းကို လှံရှည်ဖြင့် ဆောင့်ထိုးလိုက်သည်။ သူနာကျင်စွာ ဟစ်အော်၍ တိုက်ခိုက်ရန် ကြိုးစား အားယူကာထသည်။ သို့သော် မတတ်နိုင်။
မောပန်းနေသည့် ဆင်ကို ဆင်ထိန်းက ငှက်ပျောသီးတဖီး ပစ်ပေးသည်။ သူ အငမ်းမရ စားသည်။ အစာဝသည်နှင့် ရန်မူရန် ထသည်။ နောက်ထပ်လှံချက်က သူ့ နားရွက်နောက်ကို လာထိသည်။ စိတ်ပိုင်းဆိုင်ရာ အရ လူတို့လက်တွင် ထက်မံ ကျရှုံးရပြန်သည်။
နောက်ရက်များမကြာမီ ထိုနည်းဖြင့် လူ၏ လက်အောက်တွင် စိတ်ရောကိုယ်ပါ အရှုံးပေးလိုက်ရသည်။ ထိုနောက် သူထက် အစပေါင်းများစွာ သေးငယ်လှသော လူသည် သူ့၏ ကျောပြင်ထက်မှာ ထိုင်၍ သူ့ကို လိုရာ စေခိုင်းတော့သည်။
ဆင်သည် သူ့၌ ရှိခဲ့ဖူးသော ခွန်အားနှင့် လွတ်လပ်မှုတို့ကို မေ့လျော့သွားတော့သည်။ ဆင်သည် တိုက်ခိုက်ရန် အင်အားများ ပြည့်ဝလာသည့်တိုင် တိုက်ခိုက်ရန် မကြိုးစားတော့ပေ။
သို့နှင့် ကျနော်တို့ လူတွေကရော။ သူတို့ကို နှစ်ပေါင်းများစွာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်ဆိုင်ရာတွေကို နှစ်ပေါင်းများစွာ ချိုးနှိမ် ဖိနှိပ်ခံထားရသောအခါ ဆင်တွေ မာန်ကျိုးသလို ပြန်ရုန်းထွက်ဖို့ လူတချို့ဟာ မေ့လျော့လာကြတယ်။
မွေးရာပါ လူ့အခွင့်ရေးတွေကို ထိပါးခံနေရသည့်တိုင် မတရားတဲ့ အမိန့်တွေ ဥပဒေတွေကို နာခံနေကြတယ်။ သို့သော် ဒီတကြိမ်မာန်သွင်းက ပြန်ရုန်းလိုက် လျှင်တော့ဖြင့်။ crd
0 Comments