ထင်းခုတ်သမားလေးနှင့် အဘိုးအို

တခါတုန်းက ထင်းခုတ်သမား လူငယ်တဦးဟာ တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီ ထင်းခုတ်သမား အဘိုးအိုတဦးလည်း ရောက်လာခဲ့သည်။

ထင်းများကို ခုတ်ကြရင်း ညနေစောင်းချိန်တွင် အဘိုးအို ခုတ်ပြီးသော ထင်းအရေအတွက်မှာ လူငယ်ထက် ပိုများနေခဲ့သည်။

အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက် ထင်းပိုများနေသည်ကို သတိပြုမိသော လူငယ်က နောက်ရက်တွင် စောစောထပြီး ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။

နောက်တနေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။ စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟုလည်း တွေးနေမိသည်။ သို့သော် အလုပ်သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကို တွေ့ပြန်သည်။

သို့နှင့် လေး၊ ငါးရက် ဆက်တိုက် တောင်ပေါ်သို့ စောစီးစွာ ရောက်နှင့်နေပြီး မိုးချုပ်နေဝင်မှ အိမ်ပြန်ခဲ့သော်လည်း သူ၏ထင်းမှာ အဘိုးအိုထက် အမြဲတမ်းလိုလိုပင် နည်းနေခဲ့သည်။

ခြောက်ရက်မြောက်နေ့တွင် သူသည် မအောင့်နိုင်တော့သည့်အဆုံး အဘိုးအိုအား မေးမြန်းခဲ့သည်။

"အဘိုး ကျနော်က အဘိုးထက် အားသန်တယ်။ အဘိုးထက် စောပြီး တောင်ပေါ် ရောက်အောင် လာခဲ့တယ်။ နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့် ကျနော် ခုတ်လို့ရတဲ့ ထင်းက အဘိုးထက် နည်းနေခဲ့တယ်။ အဲဒါ ဘာကြောင့်လဲ"

"ဒီလို လူလေးရဲ့၊ အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့ ပုဆိန်ကို အမြဲ သွေးတယ်။ လူလေးက မသွေးခဲ့ဘူး။ ထင်းခုတ်ပြီး ဒီအတိုင်း ပစ်ထားခဲ့တယ်။ အဘိုးက အသက်ကြီးပြီ။ နောက်ကျမှ တောင်ပေါ် ရောက်သလို လူလေးထက် စောပြီး အလုပ် သိမ်းခဲ့တယ်။

ဒါပေမယ့် အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက် ထက်မြက်နေတဲ့အတွက် အဘိုးက လေးငါးချက် ခုတ်လို့ ပြတ်တဲ့ သစ်ပင်ကို လူလေးက ဆယ်ချက်လောက် ခုတ်ယူရတယ်။ ဒါကြောင့် လူလေးရဲ့ ထင်းတွေ နည်းနေရတာပါကွာ" တဲ့။

မှန်ပါတယ်။ ထင်းပဲ ခုတ်နေပြီး ပုဆိန်သွေးဖို့ မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး ရလဒ်တဝက်ပဲ ခံစားရမယ် ဆိုတဲ့ အချက်ကို ဒီအကြောင်းအရာလေးက သင်ခန်းစာ ပေးထားတာ ဖြစ်ပါတယ်။ Crd

Post a Comment

0 Comments