ရှေးရှေးတုန်းက ကင်းမြီးကောက်တကောင်ဟာ သူနေတဲ့ ကျွန်းကလေးတခုကနေ မြစ်တဖက်ကမ်းမှာရှိတဲ့ နောက်ကျွန်းတခုကို သွားချင်ခဲ့တယ်။ ဒါပေမယ့် ကင်မြီးကောက်ဟာ ရေမကူးတတ်လို့ မြစ်ကို ဖြတ်ဖို့ရာ အခက်အခဲ ဖြစ်နေတယ်။
မြစ်ကမ်းဘေးမှာ လျှောက်သွားရင်း ဒီမြစ်ကို ဘယ်လိုကူးရပါ့ လို့ အကြံထုတ်နေတုန်း ရုတ်တရက် မြစ်ရေစပ်မှာ စိမ်နေတဲ့ ဖားတကောင်ကို တွေ့လိုက်လို့ သွားစကား ပြောတယ်။
"ကိုရွှေဖားရေ ကျနော့်ကို ခင်ဗျားရဲ့ ကျောပေါ်တင်ပြီး ဟိုဖက်ကမ်းကို ပို့ပေးပါလား။ ကျေးဇူး မမေ့ပါဘူးဗျာ"
"ဟာ ဘယ်ဖြစ်မလဲ မင်းကို ကျောပိုးသွားရင်းနဲ့ ငါ့ကို မင်းရဲ့ အဆိပ်ရှိတဲ့ အစွယ်နဲ့ ထိုးလိုက်ရင် ငါရေနစ် သေသွားမှာပေါ့"
ကင်းမြီးကောက်က "ကိုရွှေဖားရယ် ခင်ဗျားကို ကျနော် အစွယ်နဲ့ ထိုးပါ့မလားဗျာ။ ကျနော့်ကို ဟိုဖက်ကမ်း ပို့ပေးတဲ့ ကျေးဇူးရှင်ကို လုပ်ရက်ပါ့မလားဗျာ။
နောက်ပြီး ခင်ဗျားကို အစွယ်နဲ့ ထိုးလိုက်လို့ ခင်ဗျားရေနစ်ရင် ကျနော်လည်း ရေနစ်သေမှာပဲလေ။ ကျနော် ရေမကူးတတ်ဘူး ဆိုတာ ခင်ဗျားသိပါတယ်ဗျာ"
ဖားလည်း စဉ်းစားတယ်။ ကင်းမြီးကောက် ပြောတာလည်း ဟုတ်သားပဲ။ သူ့ကိုယ်သူ ရေနစ် အသေခံပြီး ငါ့ကိုအစွယ်နဲ့ ထိုးစရာအကြောင်း မရှိဘူးလေ။ အဲဒီတော့ ဖားလည်း ဟိုဖက်ကမ်းကို ပို့ပေးမယ်လို့ သဘောတူ လိုက်တယ်။
အဲဒီလိုနဲ့ ဖားဟာ ကင်းမြီးကောက်ကို ကျောပေါ်တင်လို့ ရေစီးသန်တဲ့ မြစ်မှာ သူ့ကိုယ်ကို ရေအပေါ် ပေါ်အောင် ကြိုးစားပြီး မြစ်ကို ဖြတ်ကူးပါတော့တယ်။
မြစ်လယ်ရောက်တော့ ဖားဟာ သူ့ကျောမှာစူးခနဲ တချက် ခံစားလိုက်ရတယ်။ နောက်ကို အသာလှည့် ကြည့်လိုက်တော့ ကင်းမြီးကောက်ဟာ အစွယ်ကို သူ့ရဲ့နောက်ကျောကနေ ဆွဲနှုတ်လိုက်တာ တွေ့ရတယ်။
ဖားလည်း နာကျင်တဲ့ ဝေဒနာကို ခံစားရင်း ပြောလိုက်တယ်။ "ဟာ မင်း ဘယ်လို လုပ်လိုက်တာလဲ။ မင်းပဲ စောစောက ပြောတယ်လေ။ ငါ့ကိုအစွယ်နဲ့ မထိုးဘူးလို့။ အခု ငါ့မှာ အဆိပ်တက်နေပြီ။ ငါရေနစ်ပြီး သေရင် မင်းလည်း ရေနစ်သေမှာ မကြောက်ဘူးလား"
ကင်းမြီကောက်က ဘာပြန်ပြောသလဲ ဆိုတော့ "ခင်ဗျားသေရင် ကျနော်လည်း ရေနစ်သေမှာ သိပါတယ်။ ဒါပေမယ့် တခြားသတ္တဝါတကောင်ကို တွေ့ရင် အစွယ်နဲ့ ထိုးတတ်တဲ့ ကျနော့်ရဲ့ ဗီဇကို ဖျောက်မရလို့ပါဗျာ" တဲ့။
နောက်ဆုံးတော့ ဖားရော ကင်းမြီး ကောက်ရော ၂ ကောင်စလုံးဟာ မြစ်ရေထဲ နစ်မြုပ် သေဆုံးသွားကြ ပါတော့တယ်။
ကိုယ်က သနားလို့ ကူညီပေမယ့် ကင်းမြီးကောက်လို ဗီဇမဖျောက်နိုင်တဲ့သူနဲ့ တွေ့ရင် ကူညီသူပါ ဒုက္ခရာက်တတ်တယ် ဆိုတဲ့အချက်ကို ဒီအကြောင်းအရာလေးက သင်ခန်းစာ ပေးထားတာပါ။ crd
0 Comments