ရှေးရှေးတုန်းက အလွန် ကြွယ်ဝချမ်းသာသော သူဋ္ဌေးကြီး ဇနီးမောင်နှံ ရှိခဲ့သည်။ ထိုသူဋ္ဌေးကြီး ဇနီးမောင်နှံတွင် လွန်စွာ ချောမော လှပသော သားတယောက် ရှိသည်။
သူဋ္ဌေးကြီး ဇနီးမောင်နှံသည် သားငယ်အတွက် လိုလေသေးမရှိ အလို လိုက်ကြသည်။ သူဋ္ဌေးသားငယ် အရွယ်ရောက်လာသောအခါ သူဋ္ဌေးကြီး ဇနီးမောင်နှံသည် သားငယ်ကို ချမ်းသာသည့် မိသားစုမှ အမျိုးသမီးတဦးနှင့် လက်ထပ်ပေးသည်။
ထိုသို့ အိမ်ထောင် ပြုပြီးနောက် သူဋ္ဌေးသား၏ ဇနီးမှ သားတယောက် ဖွားမြင်သည်။ ထိုသားငယ် မွေးဖွားပြီး ၂ နှစ်ခန့်တွင် သူဌေးကြီး ဇနီးမောင်နှံ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကြသည်။
ဆွေမျိုးများက သူဋ္ဌေးသားသည် ဥစ္စာရှိသော်လည်း ပညာမရှိလျှင် ကဲ့ရဲ့ဖွယ် ဖြစ်နိုင်သည်၊ ဥစ္စာ ပစ္စည်းများ ဆုံးရှုံးနိုင်သည်။ ထို့ကြောင့် ပညာသင်ယူလျှင် ကောင်းမည်ဟု အကြံပြုကြသည်။
သူဋ္ဌေးသားသည် ဆွေမျိုးများ၏ အကြံပေးမှုကို လက်ခံလိုက်ပြီး တက္ကသိုလ်တခုသို့ သွားရောက်၍ ပညာသင်ယူသည်၊၊
တက္ကသိုလ်၌ ၁၀ နှစ်ခန့် ကြာပြီးနောက် အိမ်သို့ ပြန်လာခဲ့ရာ ညဉ့်နက် လူခြေတိတ်ချိန်မှ ရောက်လာသည်။ သို့သော် သူဋ္ဌေးသားသည် လျှို့ဝှက်တံခါးများကို သိသဖြင့် အိမ်တော်တွင်းသို့ အလွယ်တကူပင် ရောက်ရှိသွားသည်။
သူဋ္ဌေးသားသည် ဇနီးသည်၏ အိပ်ခန်းသို့ ဝင်လာသောအခါ ဇနီးဖြစ်သူကို ခြင်ထောင်အတွင်း၌ ယောကျ်ားတဦးနှင့် ဖက်လျက် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။
သူဋ္ဌေးသားသည် ကြာရှည်စွာ စဉ်းစားမနေတော့ဘဲ ဇနီးသည်နှင့် ထိုသူကို ဓားဖြင့် ခုတ်ပိုင်း သတ်လိုက်လေတော့သည်။
နံနက်လင်း၍ အစေခံများ နိုးလာသောအခါကျမှ မိမိ သတ်လိုက်သူများမှာ ဇနီးနှင့်သား ဖြစ်ကြောင်း သိလိုက်ရသည်။ မိခင် ဖက်အိပ်နေသည့် သားငယ်ကို သူဋ္ဌေးသားက လင်ငယ်ဟု ထင်မှတ်မိခြင်းသာ ဖြစ်သည်။
သူဋ္ဌေးသားသည် ပညာသင်ယူခဲ့သော်လည်း အသိဉာဏ်မဲ့သောကြောင့် မိမိ၏ ဇနီးနှင့်သားငယ်ကို သတ်မိခြင်းပင်တည်း။ Crd
0 Comments