ကလေးတွေကို မစကြပါနဲ့

ကလေးတွေကို မစပါနဲ့ လုံးဝ မစသင့်ပါဘူး။ ပြီးတော့ ကလေးကို ပေါက်ကရ နာမည်တွေ မခေါ်ပါနဲ့။ ကလေးနာမည် အိမ်နာမည် ဒါကလွှဲရင် ကျန်တာမခေါ်ပါနဲ့။ ကျေးဇူးပြု၍ ကလေးကို မစခြင်းဖြင့် ကလေးမိဘကို ကူညီပေးပါ။

အရုပ်လိုချင်လား လာယူ။ ကလေးက ဝမ်းသာအားရ ပြေးသွားပြီး အရုပ်လေးကို လှမ်းယူတယ်။ ကလေး လက်လှမ်းမမှီရာကို အရုပ်ကို မြှောက်ပြီး ပေးတယ်။ လိုချင်ရင်လုဆိုတော့ ကလေးက လုရော။

ဒီနေရာမှာ မေးပါရစေ။ ကလေးကို လုတတ်အောင် သင်ပေးနေတာလား။ ကလေးက လုရတာ ကြာတော့ မောလာတော့ မလုတော့ပြန်ဘူး။ ကလေး ငြိမ်နေပြန်တော့ အရုပ်ကို ပြန်ပေးပြီး လာ လာ လာယူ။

ဒီတခါ တကယ်ပေးမှာ။ ကလေးမျက်နှာလေး ဝင်းသွားပြီး ဒီတခါ တကယ်ရပြီဆိုပြီး လာယူပြန်တော့ ပထမတုန်းက အတိုင်း လုခိုင်းပြန်ရော။

ကလေးကို လိမ်တတ် ညာတတ်အောင် သင်ပေးနေတာလား။ ကြာတော့ ကလေးက စိတ်တိုလာတော့ စတဲ့လူကို ရိုက်တာ ကုတ်တာလုပ်ရော။ အဲဒီအချိန်ကျတော့ ကလေးက ရိုင်းတယ် ပြောပြန်ရော။ ကလေးကို မရိုင်း ရိုင်းအောင် လုပ်နေတာနဲ့ မတူဘူးလား။

အဲ့ဒါတွေ မြင်နေရတော့ မေမေလုပ်သူက ကလေးကို သူများအရုပ် မလိုချင်နဲ့ ကိုယ့်အရုပ်လေး ကိုယ်ကိုင် ဆိုပြီး ပေးထားပြန်တော့လည်း အဲဒီအရုပ်ကိုဆွဲလုပြီး ပထမပုံစံအတိုင်း စပြန်ရော။

တဆိတ်မေးပါရစေ။ ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ။ ကလေးကို စရတာ ပျော်စရာလို့ မှတ်နေလို့လား။ ကလေး ဒေါသထွက်နေတာ၊ ကလေး စိတ်ဆိုးနေတာ၊ ကလေး မျှော်လင့်ချက်တွေ ပျက်စီးသွားတာကို ကြည့်ပြီး ပျော်နေချင်တာလား။

အလုခံရတာရော၊ လုယူတာရော၊ လိမ်ညာပြောတာရော၊ ရန်ပြုတာရော ပျော်စရာမကောင်းပါဘူး။ မလုဖို့ မရိုက်ဖို့ လူကြီးကို ပြန်မအော်ဖို့ သင်ပေးထားရတဲ့ မိခင်ရင်ထဲ ကလေးကို ဟဲ့ သားရေ သမီးရေ သူများကို မလုပ်နဲ့လေ ပါးစပ်က အော်နေရပေမယ့် ရင်ထဲမှာ ဘယ်လောက်တောင် ခံစားနေရမလဲ။

ကိုယ့်သားသမီးကို မတရား စ နေသူကို အကြောင်းကြောင်းတွေ ထောက်ထားပြီး သည်းခံနေရတဲ့ မိခင်မှာ ဘယ်လောက် ရင်နာလိုက်မလဲ။

အဖြစ်သည်းလိုက်တာ သူ့ကလေးကိုစတာ အသားပဲ့သွားတာ ကျနေတာဘဲ ထင်ကြမယ်။ ကလေးအသားမပဲ့ပေမယ် ကလေး စိတ်ဒဏ်ရာရသွားတာ သိပါ့မလား။

ကလေးက အရင်ကနဲ့မတူတဲ့ အပြုအမူတွေ ပြုမူလာတယ် ကြမ်းတမ်းလာတယ်။ ဒါတွေကို တွေ့တုန်းခဏ စပြီးပြန်သွားတဲ့သူတွေ သိနိုင်ပါ့မလား။ ဘယ်သူမဆို ကလေးအရွယ်ကနေ ကြီးပြင်းလာကြသူတွေ ချည်းပါ။ ကိုယ်ချင်းစာစိတ်လေးတော့ မွေးသင့်တာပေါ့။

ကိုယ့်တုန်းက ဒီအရွယ် ဒီလိုအစ ခံခဲ့ရတာဘဲလေ၊ ခုလည်း စတာဘဲ ဘာဖြစ်လဲ၊ ကလေးကို စရတာ ပျော်စရာကောင်းလို့ စတာ အဖြစ်သည်းမနေနဲ့၊ ကလေး ဆိုးလာရင်လည်း ရိုက်ဆုံးမပေါ့ ဆိုတဲ့သူတွေကို မေးပါရစေ။ ကိုယ်ငယ်ငယ် အစခံရတဲ့ နေရာမှာ ရှိတုန်းက ပျော်ခဲ့ရလို့လား။

ကလေးစိတ်ကို နားမလည်နိုင်ရင်နေပါ။ ကလေးကို တယောက်တည်း ပင်ပင်ပန်းပန်း ပြုစုပျိုးထောင်နေရတဲ့ မိခင်ကိုတော့ တဆိတ်လောက် နားလည်ပေးပါ။

စတဲ့သူက စပြီး ပြီးရော ဖြစ်ပေမယ့် ကလေးကို ပြန်ပြုပြင်ပေးရတဲ့ မိဘတွေ စိတ်ရောလူရော ပင်ပန်းရပါတယ်။ ကျေးဇူးပြုပြီး ကလေးတွေကို မစကြပါနဲ့လို့။ crd

Post a Comment

0 Comments