အပေါ်ယံလေးပဲ မကြည့်နဲ့

လင်မယား စုံတွဲတတွဲ ပါလာတဲ့ သင်္ဘောတစင်း နစ်မြုပ်သွားတယ်။ အချိန်တော်တော်ကြာမှ အသက်ကယ် လှေတစင်း ရောက်လာတယ်။ အသက်ကယ် လှေပေါ်မှာ နေရာဆိုလို့ တနေရာဘဲ ကျန်တော့တယ်။

အဲဒီအချိန်မှာ ယောကျ်ားဖြစ်သူက သူ့မိန်းမကို သူ့အနောက် ဆွဲချလိုက်ပြီး သူကိုယ်တိုင် အသက်ကယ် လှေပေါ် ခုန်တက်လိုက်တယ်။ အဲဒီ အမျိုးသမီးကတော့ တဖြည်းဖြည်းချင်း နစ်မြုပ်နေတဲ့ သင်္ဘောပေါ်မှာ ရပ်ပြီး သူ့ယောကျ်ားကို စကားတခွန်း အော်ပြောလိုက်တယ်။

အဲဒီနေရာအထိ ပြောပြီးတော့ ဆရာမက ကျောင်းသားတွေကို မေးလိုက်တယ်။ "မင်းတို့ ခန့်မှန်းကြည့် အမျိုးသမီးက ဘာအော်ပြောလိုက်သလဲ"

ကျောင်းသားတွေကတော့ အလုအယက် ဒေါနဲ့မောနဲ့ အော်ပြောကြတယ်။ "ငါနင့်ကိုမုန်းတယ် ငါကို ထားပစ်ရစ်ခဲ့တယ်" စသဖြင့်ပေါ့။ အဲဒီအချိန်မှာ ဆရာမက ကျောင်းသူလေးတယောက် ဘာမှမပြောတာကို သတိထားမိတော့ ဆရာမက သူ့ကို မေးလိုက်တယ်။

အဲဒီကျောင်းသူလေးက ပြန်ဖြေလိုက်တယ်။ "ဆရာမ သမီး ထင်တယ် အဲဒီ အမျိုးသမီး အော်ပြောလိုက်မှာက ငါတို့ကလေးကို ကောင်းကောင်း ဂရုစိုက်ပေးပါလို့"

ဆရာမက အံ့သြသွားတယ်။ သူ့ကို "အဲဒီ ပုံပြင်ကို နားထောင်ဖူးလို့လား" လို့ ပြန်မေးလိုက်တယ်။ ကျောင်းသူလေးက ခေါင်းကို ခါပြီး ပြောလိုက်တယ်။

"ဟင့်အင်း၊ သမီးမေမေ နေမကောင်းဖြစ်ပြီး ဆုံးခါနီးမှာ ဒီစကားဟာ သူ ဖေဖေ့ကို ပြောခဲ့တဲ့ စကားပါ"

ထိုအခါ ဆရာမက ပြန်ပြောလိုက်တယ်။ "အဖြေမှန်ပါတယ်ကွယ်။ သင်္ဘော နစ်မြုပ်သွားပါတယ်။ ယောကျ်ားက သူ့မြို့ကို ပြန်ရောက်ပြီး သမီးလေးကို ကြီးပြင်းလာတဲ့အထိ ကိုယ်တိုင်ပြုစုစောင့် ရှောက်ပေးခဲ့တယ်။

နှစ်ပေါင်းများစွာ ကြာပြီးနောက် အဲဒီယောကျ်ားဟာလည်း ရောဂါနဲ့ ဆုံးပါးသွားတော့ သမီးဖြစ်သူက သူကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကို ရှင်းတော့မှ သူ့ဖေဖေရဲ့ နေ့စဉ်မှတ်တမ်း စာအုပ်ကိုတွေ့တယ်။

အဲဒီအချိန်ရောက်မှ သူ သိလိုက်တယ်။ ဖေဖေနဲ့ မေမေ သင်္ဘောအတူ စီးတဲ့အချိန်မှာ မေမေ့ရောဂါဟာ နောက်ဆုံးအဆင့်ကိုရောက်နေပါပြီ။ အရေးပေါ် အချိန်မှာ ဖေဖေဟာ အသက်ရှင်ဖို့ တမျှင်သာရှိတဲ့နေရာကို အရောက်ပြေးခဲ့တယ်။

သူ့ရဲ့ မှတ်တမ်းစာအုပ်မှာ ရေးထားတာက "ငါ မင်းနဲ့ ဒီပင်လယ်အောက်ကို အတူတူသာ နစ်မြုပ်သွားလိုက်ချင်ပါတယ်။ ဒါပေမဲ့ ဒါဟာ မဖြစ်နိုင်ပါဘူး။ သမီးလေးအတွက်ကြောင့် ဒီပင်လယ် ရေနက်အောက်မှာ နင်တယောက်တည်းကိုဘဲ ထားခဲ့လိုက်ရတာပါ" တဲ့။

ပုံပြင်ပြောလို့ ပြီးသွားပါပြီ။ အခန်းထဲမှာလည်း ငြိမ်သက်သွားပါတယ်။ ဆရာမက သိတယ် သူ့ကျောင်းသားတွေ ဒီပုံပြင်ရဲ့ အနှစ်သာရကို နားလည်လိမ့်မယ်လို့။

ဒီလောကမှာရှိတဲ့ ကောင်းခြင်းဆိုးခြင်း ဆိုတာတွေ တခါတလေမှာ ပွေလီရှုပ်ထွေးလှပါတယ်။ ပိုင်းခြားရမှာ ခက်ခဲလှပါတယ်။ ဒါကြောင့် အရာရာတိုင်းကို အပေါ်ယံဘဲ ကြည့်ပြီး အလွယ်တကူ ဝေဖန်ပိုင်းခြားလို့ မရပါဘူး။ Dr Shwe Tun

Post a Comment

0 Comments