ပုရွက်ဆိတ်တွေကို သတိထားပြီး စောင့်ကြည့်ဖူးရဲ့လား။ ပုရွက်ဆိတ် တကောင်ဟာ သူ့သွားရာလမ်းမှာ အစိုင်အခဲ၊ အတားအဆီး တခုခုရှိလို့ နောက်ပြန် လှည့်သွားတယ် ဆိုတာ မြင်ဖူးရဲ့လား။ (နောက်ပြန်မလှည့်တတ် ကြပါဘူး)
နောက်ပြီးတော့ ပုရွတ်ဆိတ်တွေဟာ ဆောင်းတွင်းကာလမှာ စားသောက်ဖို့အတွက် နွေကာလ အတွင်းမှာ ရိက္ခာဘယ်လောက်ထိ စုဆောင်းတတ်ကြသလဲ။ (အတိုင်းအဆမရှိကို စုဆောင်းတတ် ကြပါတယ်)
ဟုတ်ကဲ့။ ပုရွက်ဆိတ်တွေမှာ အောင်မြင်ရေး တက်ကျမ်းတွေ မရှိပါဘူး။ ဒါပေမယ့် လူတွေ အတုယူနိုင်တဲ့ အလေ့အထ ကောင်းတွေတော့ ရှိပါတယ်။
(၁) နောက်ပြန်မလှည့်ဘူး
ခုနက ပြောခဲ့သလိုပါပဲ။ ပုရွက်ဆိတ်တွေဟာ သူတို့သွားရာလမ်း တလျှောက်မှာ အတားအဆီးတခု တွေ့ရုံနဲ့ ဘယ်တော့မှနောက်ပြန် မလှည့်တတ်ပါဘူး။ ကွေ့ဝိုက်ပြီး ရှောင်လွှဲကာ လိုရာလမ်းကို ရောက်အောင် သွားတတ်ကြပါတယ်။
သင်ခန်းစာ – ဘယ်တော့မှ နောက်ပြန်မလှည့်ပါနဲ့။ ကိုယ်သွားလိုတဲ့ နေရာကို သွားချင်စိတ်ရှိရင် နည်းလမ်းရှာပြီးသွားပါ။
(၂) နွေကာလမှာ ဆောင်းအကြောင်းတွေးတယ်
ပုရွက်ဆိတ်တွေဟာ နွေရာသီမှာ အပြင်ထွက်ပြီး အစာရှာ စုဆောင်းတတ်ကြပါတယ်။ (ဒါ့ကြောင့် နွေရာသီမှာ ပုရွက်ဆိတ်တွေကို အတွေ့များပါတယ်) ဆောင်းကာလနဲ့ မိုးကာလမှာတော့ အသိုက်အောင်းပြီး နွေတလျှောက် စုဆောင်းခဲ့တာတွေနဲ့အသက် ဆက်ပါတယ်။
သူတို့ဟာ အခွင့်အရေးရတဲ့ နွေကာလမှာ အစားအစာတွေကို ရှာရုံသာမရှာဘဲ အနာဂတ်အတွက် ရည်စူးပြီး အပင်ပန်းခံကာ ရှာဖွေစုဆောင်းတဲ့ အလုပ်ကိုလည်း လုပ်တတ်ကြပါတယ်။
သင်ခန်းစာ – ကိုယ်ကောင်းစားနေတဲ့ အချိန်မှာလည်း မေ့လျော့ပျော်မွေ့မနေဘဲ အခက်အခဲ ဖြစ်နိုင်တဲ့အချိန်ကို ကြိုတွေးကာ ပြင်ဆင်မှုများ ပြုလုပ်သင့်ပါတယ်။
(၃) ဆောင်းကာလမှာ နွေအကြောင်း တွေးတယ်
မိုးရာသီတို့၊ ဆောင်းရာသီတို့လို အစာရှာမရတဲ့ ခက်ခဲကြမ်းတမ်းတဲ့ အချိန်မှာလည်း စိတ်ဓါတ်ကျမနေပါဘူး။ သူတို့ရဲ့ အခွင့်အရေးတွေ ရလာမယ့် နွေရာသီကို ကြံကြံခံပြီး အားတင်းထားတတ် ကြပါတယ်။
သင်ခန်းစာ – အဆိုးပြီးရင်အကောင်းတွေ လာပါလိမ့်မယ်။ ကြိုတင်ပြင်ဆင်မှုနဲ့ ကြံ့ကြံ့ခံနိုင်တဲ့ စိတ်တွေက သင့်ရဲ့ အဆိုးရွားဆုံး နေ့ရက်တွေကို ဖြတ်ကျော်ဖို့ အထောက်အပံ့ ဖြစ်စေပါလိမ့်မယ်။
(၄) အကန့်အသတ်မထားဘူး
ပုရွက်ဆိတ်တွေဟာ ရိက္ခာစုဆောင်းတဲ့အခါမှာ ဘယ်လောက် စုဆောင်းမယ်ဆိုပြီး အကန့်အသတ် မထားပါဘူး။ သူတို့ တတ်နိုင်သလောက်ကို စုဆောင်းတတ် ကြပါတယ်။ ဒါမှလည်းပဲ ခက်ခဲတဲ့ ရာသီကို ကျော်ဖြတ်တဲ့နေရာမှာ လုံလောက်တဲ့ ပြင်ဆင်မှုတခု ဖြစ်မှာပါ။
သင်ခန်းစာ – နည်းနည်းပဲ အောင်မြင်မယ်။ များများအောင်မြင်မယ်ဆိုတဲ့ ကန့်သတ်ချက်တွေ ထက်စာရင် ကိုယ်စွမ်းအားရှိသလောက် ကြိုးစားတာဟာ အကောင်းဆုံးပါပဲ။ ကန့်သတ်မထားသင့်တဲ့ အရာတွေထဲမှာ ကြိုးစားခြင်း ပါဝင်ပါတယ်။
ကျွန်ုပ် ငယ်ထဲက ကြိုက်နှစ်သက်သလို အမြဲကျင့်သုံး အတုယူခဲ့ရတဲ့ အကောင်တကောင် ပြပါဆိုခဲ့ရရင် ပုရွတ်ဆိတ်ကို ပြပေးရမှာပါ။ Crd
0 Comments