မနက်ဖြန်က အရေးကြီးပေမယ့် ဒီနေ့မှာ အသက်ရှင်ပါ

နတ်မင်းကြီးက ကျနော့်ကို ခရုတကောင်ရဲ့ လက်ကိုဆွဲပြီး ခရီးထွက်ဖို့ တာဝန်ပေးသည်။ ကျနော် ဘယ်လောက် နှေးနှေးသွားသွား ခရုက မလိုက်နိုင်ဘူး။ အမြဲတမ်း နောက်မှာပဲ ကျန်နေတယ်။

ကျနော် ဆွဲတယ် တွန်းတယ် လောတယ်။ ခရုက ကျနော့်ကို မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့ ကြည့်ပြီး ပြောသည်။

"သူများလည်း အတတ်နိုင်ဆုံး လျှောက်တာပဲလေ" တဲ့။

ကျနော် ခြောက်တယ် ကန်တယ် ဆောင့်တွန်းတယ် ကျနော်ချွေးတွေ ထွက်လာတယ်။ ခရုလည်း ဒဏ်ရာတွေ ရကုန်တယ်။ ဒါပေမယ့် ထင်သလောက် ခရီးက မပေါက်ဘူး။

"နတ်မင်းကြီးရယ် ဘာဖြစ်လို့များ ကျနော့်ကို ခရုနဲ့ တွဲလျှောက်ခိုင်းရတာလဲ"

ကောင်းကင်ကြီးက ငြိမ်သက်နေသည်။ "ကောင်းပြီလေ အသင်နတ်မင်းကြီးတောင် ဂရုမစိုက်မှတော့ ကျနော်က ဘာကိစ္စလောတော့မှာလဲ" ဟု ဆိုကာ အရွဲ့တိုက်ပြီး ခရုနောက်က ပြန်လိုက်သည်။

ဒေါသ ထွက်ထွက်နဲ့ပေါ့။ အလို ကျနော် ပန်းရနံ့ သိမ့်သိမ့်လေးရှုမိတယ်။ အော် လတ်စသတ်တော့ ငါ ပန်းခြံထဲ ရောက်နေပါကော။

ကျနော် လေရူးလေးတချက် ကျီစယ်သွားတာ ခံစားမိလိုက်တယ်။ လတ်စသတ်တော့ ညချမ်းအေးရဲ့ လေရူးလေးက ဒီလောက်တောင် ညင်သာတာကိုး။

ခဏလေး ကျနော် ငှက်တွေ တေးဆိုနေတဲ့အသံ ကြားမိသလိုပဲ။ ပုရစ်လေးတွေ တယောက်နဲ့တယောက် အသံနဲ့ ကျီစယ်နေကြတယ်။

ဝှား ကောင်းကင်ပေါ်မှာ ကြယ်တွေ အများကြီးပဲ လှလိုက်တာ။ ဟမ် အရင်က ဘာဖြစ်လို့ ဒါတွေ မရှိရတာပါလိမ့်။ အော် ကျနော်သိပြီ ကျနော် မှားခဲ့တယ်။ နတ်မင်းကြီးက ကျနော်ကို ခရုနဲ့ လမ်းအတူတူ လျှောက်ခိုင်းတာပဲလေ။

မိတ်ဆွေကော မိတ်တွေရဲ့ ခရုလေးကို ရှာတွေ့ပြီးပြီလား။ တခါတလေ စိတ်ပြေလက်ပျောက် လမ်းလျှောက်ကြည့်ပါ။ ဘဝရဲ့ ခြေလှမ်း အလှမ်းတိုင်း အလှမ်းတိုင်းကို ဖြေးဖြေးချင်းပျော်ရွှင် ခံစားရင်းပေါ့။

ပျော်ရွှင်မှုကို မသိမသာနဲ့ သတ်တဲ့ စကား ၅ ခွန်း ရှိပါတယ်။ "ငါသာ ဖြစ်လာရင်" တဲ့။ အဝေးကြီးကို တွေးတဲ့ အတွေးမျိုးပေါ့။

ငါသာ တနေ့ သူဌေးကြီးဖြစ်လာရင်၊ ငါသာ ကားရှိလာရင်။ တကယ်လို့ သင်အခုချိန်ကို မပျော်ပိုက်ဘူး ဆိုရင် ပိုက်ဆံ ဘယ်လောက် ရှာနိုင် ရှာနိုင် မပျော်ဘူးလို့ ကျနော် အာမခံတယ်။

တရာရှိရင် နှစ်ရာ ရှာချင်တယ် ဆိုတာ အတောမသတ်နိုင်တဲ့ လူ့ရဲ့ လောဘစိတ်ပါ။ သင်မပျော်ဘူးဆိုရင် သင့် အိမ်ထောင်ဖက်လည်း မပျော်တော့ပါဘူး။

သင့်အိမ်သူအိမ်သားလည်းမပျော်တော့ဘူး။ တကယ်လို့ သင်အခုထိ ဘဝကို ဘယ်လိုခံစားရမလဲ မသိရင် နောက်လည်း လူ့ဘဝကို ဘယ်လိုခံစားရမလဲ သိမှာမဟုတ်ဘူး။

ကောင်လေးနဲ့ကောင်မလေး မသေချာတဲ့ deadline တခု လုပ်ထားတယ် ဆိုပါစို့။ ဥပမာ ငါ အသက် ၂၅ ပြည့်ရင် လက်ထပ်မယ်၊ ၂၆ မှာ ကလေးတယောက် မွေးမယ်၊ ၃၀ မှာ သားတယောက် သမီးတယောက်ရှိမယ်၊ ၃၁ မှာ အိမ်တလုံးပိုင်မယ် ဆိုပြီး အကြမ်းဖျင်း ချထားတယ်။

ကျနော်တို့ တခါတလေ လက်ထပ်လိုက်ရင် ပြီးပြီ ဘာပြသနာမှ မရှိတော့ဘူးလို့ တွေးတောမိဘူးလိမ့်မည်။ အဲလိုဆို မြန်မြန် လက်ထပ်၊ ကလေးတယောက်ပြီး တယောက်မွေးကြည့်ပေါ့။ တကယ်မှာ ပြသနာက မငြိမ်းသွားတဲ့အပြင် ပိုပိုကြီးလာမှာပါ။

ဒါ့ကြောင့် သင့်မှာ အနာဂတ်ရည်မှန်းချက် ဆိုတာ ရှိသင့်ပေမယ့် လေထဲ တိုက်အိမ်ဆောက်တဲ့ အတွေးမျိုးထားမယ့် အစား သင်အခု လုပ်သင့်တဲ့ အရာများကို လုပ်ကြည့်ပါ။

လူဖြစ်ရတာ အသက်ရှုရ ချောင်မယ့်အပြင် ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းကို ပိုင်ပိုင်နိုင်နိုင်ရှိတယ်ဆိုတာ သင် ခံစားရမှာပါ ။ တခါတလေ ခရုအနောက်က လိုက်ရင်း ဘေးက ရှုခင်းတွေကို ပျော်ရွှင်စွာ ခံစားကြည့်ပါ။ မနက်ဖြန်ဟာ အရေးကြီးပေမယ့် ဒီနေ့မှာ အသက်ရှင်ပါ။ phoomyatchal

Post a Comment

0 Comments