အသက်ကြီးတဲ့အထိ စတိုင်ကျလှပနေစေဖို့ လျှို့ဝှက်ချက် (၈) ခု

အသက်ကြီးသွားတဲ့အထိ စတိုင်ကျနေဖို့က အမျိုးသမီးတိုင်းရဲ့ စိတ်ကူးပါပဲ။ ဒါပေမယ့် သတိမထားမိတဲ့အရာတစ်ခုလေးက သင့်ရဲ့အလှအပတွေကို ဖုံးကွယ်သွားနိုင်ပါတယ်။ အဲဒါကြောင့် အမြဲတမ်းစတိုင်ကျနေစေဖို့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ နားဆွဲအရှည်ကြီးများ

အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်မှာ ကော်လဂျင်တွေ နည်းပါးလာပြီး အသားအရေက မတင်းရင်းတော့ပါဘူး။ နားပန်တွေလည်း အောက်ကို တွဲကျလာပါတယ်။

အသက်ကြီးတဲ့အရွယ်မှာ နားဆွဲအရှည်ကြီးတွေ ဝတ်တာက နားပန်တွေ တွဲကျတာကို သိသာစေပါတယ်။ အဲဒါကြောင့် နားကပ်လေးတွေကိုပဲ ဝတ်ဆင်သင့်ပါတယ်။

၂။ လည်ဆွဲများ

ပွဲတက်တဲ့အခါ လည်ဆွဲအကြီးကြီးတွေ ဝတ်ရတာကို အမျိုးသမီးကြီးတွေက သဘောကျပါတယ်။ ဒါပေမယ့် အသက် ၄၀ ကျော်လာတဲ့အခါ လည်ဆွဲအကြီးကြီးတွေထက် ရိုးရိုးရှင်းရှင်းနဲ့ ကျက်သရေရှိတဲ့ လည်ဆွဲတွေကိုသာ ရွေးချယ်သင့်ပါတယ်။ ရိုးရှင်းတဲ့လည်ဆွဲတွေက သင့်ကို အသက်ကြီးရင့်တယ်လို့ မထင်ရစေပါဘူး။

၃။ ဆံပင်ကို ပွပွလေးပဲ စည်းထားပါ။

ဆံပင်ကို အုံလုံးသိမ်းပြီး စည်းထားတာက ရှိရင်းစွဲ အသက်ထက်ကို ကြီးရင့်သွားစေပါတယ်။ အဲဒီအစား ဆံပင်ကို ခပ်ပွပွလေးပဲ စည်းနှောင်ထားလိုက်ပါ။ ခပ်ပွပွဆံပင်စည်းနည်းက မျက်နှာကို ရှည်သွယ်စေပြီး နုပျိုတယ်လို့ ထင်ရစေပါတယ်။

၄။ မျက်ခုံး

လွန်ခဲ့တဲ့နှစ်များစွာက သေးသွယ်တဲ့မျက်ခုံးက ခေတ်စားခဲ့ပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာ မျက်ခုံးကိုသေးသေးလေးပဲ ဆွဲထားရင် အသက်ငယ်တဲ့သူတောင် အသက်ကြီးတဲ့ပုံစံ ဖြစ်သွားပါတယ်။ ခပ်တူတူနဲ့ ကွေးနေတဲ့ မျက်ခုံးက အမြဲတမ်းနုပျိုစေမယ့်လျှို့ဝှက်ချက်ပါ။

၅။ အရောင်

အသက်ကြီးတဲ့အထိ နုပျိုနေဖို့ဆိုရင် ရွေးချယ်တဲ့အရောင်ကလည်း အများကြီး အရေးပါပါတယ်။ အသက်ကြီးလာတဲ့အခါ အသုံးအဆောင်ပစ္စည်းတွေနဲ့ အဝတ်အစားတွေကို အရောင်အရင့်တွေထက် အရောင်ခပ်နုနုကိုသာ ဦးစားပေးသင့်ပါတယ်။

၆။ ထူထဲတဲ့အောက်ခံမိတ်ကပ်

အောက်ခံမိတ်ကပ်အထူကြီးတွေကို လိမ်းရင် သဘာဝမဆန်ပါဘူး။ လိမ်းထားတာ အချိန်ကြာလာတာနဲ့အမျှ fine line တွေနဲ့ အရေးအကြောင်းတွေပါ ပေါ်လာပါတယ်။

သဘာဝဆန်ပြီး နုပျိုနေဖို့ဆိုရင် အောက်ခံမိတ်ကပ်ပါးပါးလေးကိုသာ ရွေးချယ်ပါ။ ပန်းရောင်ပါးနီကတော့ အလှကို ပိုတိုးလာစေမှာပါ။

၇။ ရွှေ

ရွှေကို အမျိုးသမီးအများစု နှစ်သက်ကြပါတယ်။ ဒါပေမယ့် အသက်ကြီးလာတဲ့အခါမှာတော့ ရွှေထည်ပစ္စည်းတွေထက် ငွေထည်ပစ္စည်းတွေက ပိုပြီး ခေတ်မီပါတယ်။

၈။ ဆံပင်ခွဲကြောင်း

အသက်ကြီးလာတဲ့အခါ ဆံပင်ပုံစံကိုလည်း မေ့မထားသင့်ပါဘူး။ အသက်ကြီးတဲ့အမျိုးသမီးတွေအတွက် ဆံပင်အလယ်ခွဲက အသက်ပိုကြီးတယ်လို့ ထင်ရစေပါတယ်။

ဆံပင်ကို ဘေးခွဲလိုက်ရင် မျက်နှာက နူးညံ့တဲ့အသွင်အပြင် ပေါ်လွင်သွားပြီး နဖူးပေါ်က အရေးအကြောင်းတွေကိုလည်း ဖုံးအုပ်ပြီးသားဖြစ်သွားပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments