၂၀၀၉ ခုနှစ်မှာ တရုတ်နိုင်ငံက အမျိုးသားတစ်ယောက်ဟာ ဓာတ်ဆီဆိုင်ကနေ ၁၅၆ ယွမ် (၂၂.၅ ဒေါ်လာ) ကို ဓားပြတိုက်လုယက်ပြီး ထွက်ပြေးသွားပါတယ်။ ဓားပြတိုက်ပြီးနောက် ရဲတွေလိုက်ဖမ်းမှာကို ကြောက်တာကြောင့် တောင်ပေါ်က ဂူထဲမှာ ၁၄ နှစ်ကြာ ပုန်းနေခဲ့ပါတယ်။
သူ့နာမည်ကတော့ Liu Moufu လို့ခေါ်ပြီး တရုတ်နိုင်ငံ Hubei စီရင်စု၊ Enshi မြို့က ရွာတစ်ရွာမှာ နေထိုင်ပါတယ်။ ၂၀၀၉ ခုနှစ်တုန်းက သူဟာအသက် ၃၀ ကျော်အရွယ်ပဲ ရှိပါသေးတယ်။
ဓာတ်ဆီဆိုင်ကို ဓားပြသွားတိုက်တုန်းက သူ့ရဲ့ယောက်ဖနဲ့ အခြားလူတစ်ယောက်လည်း ပါဝင်ပါတယ်။ ၁၅၆ ယွမ်ကို ဓားပြတိုက်လာခဲ့ပြီး ၆၀ ယွမ်ကို အစားအစာဝယ်စားတာနဲ့ ထင်းဝယ်တဲ့နေရာမှာ သုံးလိုက်ကြပါတယ်။ ကျန်တဲ့ ၃၂ ယွမ်ကိုတော့ ခွဲယူလိုက်ကြပါတယ်။
သူတို့သုံးယောက်က လမ်းခွဲပြန်လာပြီးနောက် မကြာမီမှာပဲ အဖော်ပါလာတဲ့တစ်ယောက်က ရဲဖမ်းခံလိုက်ရပါတယ်။ အဲဒါကြောင့် Liu Moufu လည်း ကြောက်လန့်ပြီး ထွက်ပြေးပါတော့တယ်။ ထောင်ကျမှာကိုကြောက်ပြီးတော့ တောင်ပေါ်က ဂူထဲမှာ ၁၄ နှစ်ကြာ သွားပုန်းနေခဲ့ပါတယ်။
Liu Moufu က တောထဲမှာ အမြဲလိုက်ရင်းနဲ့ ရှင်သန်နေထိုင်ခဲ့ပါတယ်။ တစ်ခါတရံမှာတော့ ရွာထဲကို ဝင်ပြီး အာလူးနဲ့ အသားတွေ ခိုးပါတယ်။
မိဘတွေနဲ့ ခဏလောက်စကားပြောပြီးနောက် တောင်ပေါ်ကို ပြန်သွားပါတယ်။ ပွဲတော်ကြီးတွေ ရှိတဲ့အချိန်မှသာ အိမ်ကို ပြန်လာပါတယ်။ ဒါပေမယ့် ရဲတွေက သူ့ကို စောင့်ကြည့်နေပါတယ်။
Liu Moufu ပုန်းနေတဲ့နေရာကို မိသားစုဝင်တွေက မသိပါဘူး။ Liu Moufu က သူ့ရဲ့ရက်အတော်များများကို တစ်ယောက်တည်း အထီးကျန်ကျန်ဖြတ်သန်းရပါတယ်။လေလွင့်ခွေးလေးတွေကိုလည်း မွေးထားပါတယ်။ နှစ်တွေ ကြာလာတဲ့အခါ အထီးကျန်ပြီး စိတ်ဖိစီးတဲ့ဒဏ်ကို မခံနိုင်တော့ပါဘူး။
သူ့ရဲ့ဇနီးနဲ့ မိဘတွေက ရဲတွေကို ဝန်ခံလိုက်ဖို့ ပြောပေမယ့်လည်း Liu Moufu က အမြဲငြင်းနေခဲ့ပါတယ်။ အဖေရဲ့အသုဘကိုလည်း မသွားလိုက်ရသလို သားရဲ့မင်္ဂလာဆောင်ကိုလည်း မတက်လိုက်ရပါဘူး။
သူ့ရဲ့မြေးကိုလည်း မတွေ့ခဲ့ရပါဘူး။ အခုတော့ သူ့ကိုယ်သူ ပိတ်လှောင်ထားမှန်း သဘောပေါက်သွားခဲ့ပါတယ်။ အဲဒါကြောင့် အိမ်ကို ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အိမ်ကို ပြန်လာတဲ့အခါ အသက် ၅၀ အရွယ်ရှိနေပြီဖြစ်ပြီး ဇနီးသည်ကလည်း ကျန်းမာရေးလည်း မကောင်းတော့ပါဘူး။ Liu Moufu က ရဲစခန်းကို သွားပြီး ဝန်ခံခဲ့ပါတယ်။
အချိန်တွေကြာသွားပေမယ့်လည်း အပြစ်ဒဏ်ကနေတော့ မလွတ်မြောက်နိုင်ပါဘူး။ ဓားပြတိုက်တုန်းက ဘာလက်နက်မှ မပါပေမယ့်လည်း၊ ငွေပမာဏက နည်းပေမယ့်လည်း အပြစ်ဒဏ်ကိုတော့ ခံယူရဦးမှာပါ။
ရုပ်သံ
Zombie (lovemedia)
0 Comments