မနက်အိပ်ရာထခါစမှာ ခံတွင်းနံ့ဆိုးတာကို ဖယ်ရှားနိုင်မယ့်နည်းလမ်း (၆) ခု

လူတိုင်းနီးပါးဟာ မနက်အိပ်ရာထတာနဲ့ ခံတွင်းနံ့ဆိုးတွေ ဖြစ်ပေါ်ပါတယ်။ ဒါပေမယ့် ခံတွင်းအနံ့ဆိုးကြောင့် စိတ်ပူစရာမလိုတော့ပါဘူး။ ခံတွင်းအနံ့ဆိုးကို ဖယ်ရှားနိုင်မယ့်နည်းလမ်းတွေ ရှိပါတယ်။

မနက်ခင်းမှာ ခံတွင်းအနံ့ဆိုး ဖြစ်ပေါ်စေတဲ့အရာများ

- ခံတွင်းထဲမှာ ခြောက်သွေ့ပြီး တံတွေးနည်းနေရင် ဘက်တီးရီးယားတွေ များနေတာကြောင့် ခံတွင်းအနံ့ဆိုး ထွက်ပါတယ်။

- ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အစပ်အစားအစာတွေကို စားတဲ့အခါမှာလည်း ခံတွင်းအနံ့က မကောင်းပါဘူး။

- ဝမ်းဗိုက်နဲ့ပတ်သက်ပြီး ပြဿာနာတွေ ရှိတဲ့အခါမှာလည်း ခံတွင်းအနံ့ဆိုးကို မနက်တိုင်း ရရှိပါတယ်။

မနက်အိပ်ရာထတာနဲ့ ဖြစ်ပေါ်လာတဲ့ ခံတွင်းအနံ့ဆိုးကို ဖယ်ရှားနိုင်မယ့်နည်းလမ်းများ

၁။ ခံတွင်းသန့်စင်ဆေးရည်ကို ခဏခဏ မသုံးသင့်ပါဘူး။

ခံတွင်းသန့်စင်ဆေးရည်က ခံတွင်းနံ့ဆိုးတွေကို ဖယ်ရှားပေးတာမှန်ပေမယ့် အချိန်ခဏလေးပဲ ဖယ်ရှားပေးနိုင်တာပါ။ ခံတွင်းသန့်စင်ဆေးရည်ကြောင့် ခံတွင်းက ခြောက်သွေ့ပါတယ်။

ခံတွင်းသန့်စင်ဆေးရည်အများစုမှာ အယ်လ်ကိုဟောတွေ ပါဝင်ပါတယ်။ အဲဒါကြောင့် ခံတွင်းထဲမှာ တံတွေးတွေ နည်းပါးလာပြီး ဘက်တီးရီးယားတွေ စုဝေးလာပါတယ်။ အဲဒီကနေ အိပ်ရာထတဲ့အခါ ခံတွင်းအနံ့ဆိုးတွေ ထွက်ပေါ်လာပါတယ်။

၂။ အိပ်တဲ့အခါ ပါးစပ်ကို ဟပြီးအိပ်တာကြောင့် ခံတွင်းအနံ့ဆိုးတွေ ဖြစ်ပေါ်ပါတယ်။

အချို့က အိပ်တဲ့အခါ ပါးစပ်ကနေ အသက်ရှူလေ့ရှိကြပါတယ်။ ပါးစပ်ကနေ အသက်ရှူတဲ့အခါ ခံတွင်းက‌ ခြောက်သွေ့ပြီး ဘက်တီးရီးယားတွေ ပွားလာပါတယ်။ အိပ်တဲ့အခါ နှာခေါင်းနဲ့ အသက်ရှူပြီးတော့ အိပ်တာ အကောင်းဆုံးပါ။

၃။ ဆီနဲ့ ခံတွင်းကို သန့်စင်ပါ။

ဒီနည်းလမ်းကတော့ အိန္ဒိယနိုင်ငံမှာ ခံတွင်းကျန်းမာရေးအတွက် ရှေးတုန်းကတည်းက အသုံးပြုလာတဲ့နည်းပါ။ ဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ခံတွင်းထဲထည့်ပြီး အချိန်ကြာကြာ ပလုတ်ကျင်းပေးပါ။

ဆီနဲ့အတူ ခံတွင်းနံ့ဆိုးတွေဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားတွေက ပါသွားပါတယ်။ ခံတွင်းထဲမှာ ပလုတ်ကျင်းဖို့ အုန်းဆီ သို့မဟုတ် သံလွင်ဆီက အကောင်းဆုံးပါ။

၄။ ကော်ဖီကို လျှော့သောက်ပါ။

ကော်ဖီက စိတ်ကိုလန်းဆန်းစေပေမယ့် ခံတွင်းကို ခြောက်သွေ့စေပါတယ်။ ကော်ဖီသောက်ပြီးနောက် ခံတွင်းထဲ တံတွေးထုတ်လုပ်မှုနည်းပါးလာပါတယ်။

ကော်ဖီထဲမှာ နွားနို့တွေ ထည့်ပြီးသောက်တာကလည်း မကောင်းပါဘူး။ တစ်ခါတရံမှာ နို့ထွက်ပစ္စည်းတွေကြောင့်လည်း ခံတွင်းနံ့ဆိုးနေတတ်ပါတယ်။

၅။ လျှာကို သန့်ရှင်းရေးလုပ်ပေးပါ။

လျှာမှာ အချွဲတွေ စုလာရင်လည်း ခံတွင်းနံ့တွေ ဆိုးလာပါတယ်။ သွားတိုက်တဲ့အခါတိုင်းမှာလည်း လျှာကိုပါ သန့်ရှင်းရေးလုပ်ပေးနိုင်ပါတယ်။ လျှာခြစ်တံကို အသုံးပြုနိုင်သလို သွားတိုက်တံနဲ့လည်း လျှာကို သန့်ရှင်းပေးလို့ရပါတယ်။

၆။ နှာခေါင်းကနေသာ အသက်ရှူပါ။

တစ်ခါတရံမှာ ကိုယ်တိုင်တောင် သတိမထားမိဘဲ ပါးစပ်ကနေ အသက်ရှူနေမိတတ်ပါတယ်။ ပါးစပ်နဲ့အသက်ရှူတာကြောင့်လည်း ခံတွင်းနံ့ဆိုးဖြစ်ပေါ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် သတိထားမိတဲ့အခါ နှာခေါင်းကနေသာ အသက်ရှူပါ။

Zombie (lovemedia)

Post a Comment

0 Comments