အသက်တွေ ကြီးလာတာနဲ့အမျှ မှတ်ဉာဏ်အားနည်းလာပါတယ်။ မှတ်ဉာဏ်အားနည်းလာပြီး မကြာခဏမေ့တတ်လာတာ၊ သတိလျော့နည်းလာတာတို့ ခံစားရပါတယ်။ အဲဒါကြောင့် မှတ်ဉာဏ်ကို ပြန်လည်တိုးတက်စေမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ။
လေ့ကျင့်ခန်းပြုလုပ်ခြင်းအားဖြင့် ဦးနှောက်အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ သွေးလည်ပတ်မှုတွေ အားကောင်းလာပါတယ်။
တစ်ပတ်ကို ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ၁၅၀ မိနစ်ခန့် ပြုလုပ်ပေးရုံနဲ့ အသက်ရှည်စေရုံမက မှတ်ဉာဏ်လည်း တိုးတက်လာစေပါတယ်။ ခပ်မြန်မြန်ပြေးတာနဲ့ လမ်းလျှောက်တာက ဦးနှောက်မှတ်ဉာဏ်အတွက် အကောင်းဆုံးလေ့ကျင့်ခန်းပါ။
၂။ စိတ်မှတ် မှတ်ပါ။
မှတ်ဉာဏ်တိုးတက်မှုက လေ့လာမှုနဲ့ ဆက်စပ်နေပါတယ်။ အဲဒါကြောင့် ဦးနှောက်ကို များများအလုပ်ပေးနိုင်လေ ဦးနှောက်မှတ်ဉာဏ်တိုးတက်လေပါပဲ။
သော့ထားခဲ့တဲ့နေရာ၊ ထိုင်တဲ့နေရာမှာ အစဉ်လိုက်ရှိနေတဲ့နေရာ စတာတွေကို စိတ်နဲ့မှတ်ထားပြီး ပြန်လည်ပုံဖော်ကြည့်တာက မှတ်ဉာဏ်တိုးတက်စေဖို့ နည်းလမ်းကောင်းတစ်ခုပါ။
၃။ ချောကလက်စားပါ။
ချောကလက်က ဦးနှောက်ရဲ့လုပ်ငန်းတွေကို တိုးတက်စေပါတယ်။ ချောကလက်ရဲ့ ပါဝင်ပစ္စည်းတွေကြောင့် ဦးနှောက်ဆီကို သွေးလည်ပတ်မှု ကောင်းပြီး အချက်အလက်တွေကို ပိုပြီး မှတ်သားလာနိုင်ပါတယ်။ ချောကလက်စားတဲ့အခါ ကိုကိုး ၇၂ ရာခိုင်နှုန်း အနည်းဆုံးပါဝင်တဲ့ ချောကလက်ကိုသာ ရွေးချယ်ပါ။
၄။ အိပ်ခါနီးမှာ ဖုန်းအသုံးပြုတာကို လျှော့ပါ။
ဖုန်း၊ ကွန်ပျူတာတို့ကနေ ထွက်တဲ့အပြာရောင်အလင်းတန်းတွေက melatonin ထုတ်လုပ်မှုကို လျော့နည်းစေတာကြောင့် ညဘက်မှာ အိပ်မပျော်တော့ပါဘူး။
အိပ်မပျော်တာ၊ အိပ်ရေးပျက်တာ များတဲ့အခါ အာရုံစိုက်ဖို့ ခက်ခဲလာပါတယ်။ အဲဒါကြောင့် အိပ်ခါနီးတစ်နာရီအလိုကတည်းက ဖုန်းနဲ့ ကွန်ပျူတာကို မသုံးသင့်တော့ပါဘူး။
၅။ သီချင်းနားထောင်ပါ။
သီချင်းနားထောင်တာက မှတ်ဉာဏ်တိုးတက်စေဖို့ အလွယ်ကူဆုံးနည်းလမ်းပါ။ သီချင်းက အရင်တုန်းက အမှတ်တရတွေကိုလည်း ပြန်လည် မှတ်မိလာစေပါတယ်။ အချက်အလက်အသစ်တွေကိုလည်း မြန်မြန်ဆန်ဆန်မှတ်သားလာနိုင်ပါတယ်။
၆။ ဦးနှောက်ကို အလုပ်ပေးပါ။
ဦးနှောက်ကို မစဉ်းစားဘဲ ဒီတိုင်းထားတာက မှတ်ဉာဏ်ကို အားနည်းလာစေပါတယ်။ သင်္ချာပုစ္ဆာတွေကို စာရွက်ပေါ်မှာ ချမတွက်ဘဲ စိတ်ထဲကနေ တွက်တာ၊ အရာဝတ္တုတွေကို အစဉ်လိုက်မှတ်သားတာ၊ ဘာသာစကားအသစ်တစ်ခုလေ့လာတာတို့က မှတ်ဉာဏ်တိုးတက်စေတဲ့ အရာတွေပါ။
၇။ အခြားလူတွေနဲ့ စကားပြောပါ။
တက်ကြွတဲ့နေထိုင်မှုပုံစံက စိတ်ဖိစီးမှုတွေနဲ့ စိတ်ဓာတ်ကျတာတွေကို ကာကွယ်ပေးပါတယ်။ စိတ်ဖိစီးမှုတွေများတဲ့အခါ မှတ်ဉာဏ်အားနည်းလာတတ်ပါတယ်။
အဲဒါကြောင့် စိတ်ကြည်ကြည်လင်လင်ထားတာ၊ သူငယ်ချင်းတွေနဲ့ စကားပြောတာတွေက မှတ်ဉာဏ်အားကောင်းလာဖို့ ထိရောက်တဲ့နည်းလမ်းတွေပါ။
Zombie (lovemedia)
0 Comments