ဆောင်းရာသီမှာ အိမ်ခြေရာမဲ့တွေ နွေးထွေးစွာနေနိုင်အောင် အိမ်လေးတွေ ပြုလုပ်ပေးခဲ့သူ

လွန်ခဲ့တဲ့ ၅ နှစ်အတွင်း အင်္ဂလန်နိုင်ငံမှာ အိမ်ခြေရာမဲ့ပေါင်း ၂၅၀၀ ဟာ သေဆုံးခဲ့ရပါတယ်။ ပြင်သစ်လူမျိုး အင်ဂျင်နီယာ Geoffroy de Reynal ဟာ အိမ်ခြေရာမဲ့တွေအတွက် အဆင်ပြေစေမယ့် အိမ်လေးတွေကို တီထွင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်က Geoffroy de Reynal ပဲရစ်ကို ပြန်ရောက်တုန်း အိမ်ခြေရာမဲ့တွေကို တွေ့ပြီး စိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။


အိမ်ခြေရာမဲ့တွေက နွေးထွေးမှုကို မရရှိဘဲ လမ်းပေါ်မှာပဲ ဖြစ်သလို အိပ်ကြရပါတယ်။ အဲဒါကြောင့် အိမ်ခြေရာမဲ့တွေကို ကူညီဖို့ Geoffroy de Reynal ဆုံးဖြတ်ခဲ့ပါတယ်။

Geoffroy de Reynal က သူ့ရဲ့ကိုယ်ပိုင်ငွေနဲ့ polyethylene ဖော့တွေနဲ့ ပြုလုပ်ထားတဲ့ အိမ်ငယ်တစ်လုံးကို ရှေ့ပြေးပုံစံငယ်အဖြစ် တည်ဆောက်ခဲ့ပါတယ်။


သူ့ရဲ့အိမ်ငယ်လေးတွေက အက်စကီးလူမျိုးတွေရဲ့ သံခမောက်ပုံအိမ်ငယ်ကို အခြေခံထားတာပါ။ Polyethylene ဖော့တွေနဲ့ တည်ဆောက်ထားတဲ့ အိမ်ဖြစ်တာကြောင့် အထဲမှာလည်း နွေးပါတယ်။ အိမ်ရဲ့အပေါ်ကို အလူမီနီယံနဲ့ ဖုံးအုပ်ထားပါတယ်။

ဒါ့အပြင် ရေစိုလည်း ခံပါတယ်။ ရှေ့ပြေးပုံစံတစ်ခုကို တည်ဆောက်ပြီးနောက်မှာတော့ Geoffroy က အွန်လိုင်းကနေ အလှူခံလိုက်ပါတယ်။ အလှူငွေက ဒေါ်လာ ၂ သောင်းနီးပါး ရရှိသွားခဲ့ပါတယ်။


Geoffroy ရဲ့ အိမ်ငယ်လေးတွေက ပေါ့ပါးပြီး ပြောင်းရရွှေ့ရတာ လွယ်ကူပါတယ်။ သေးငယ်တာကြောင့် ဘယ်နေရာမဆို သယ်ယူသွားလို့လည်း အဆင်ပြေပါတယ်။ တပ်ဆင်ရတာလည်း မခက်ခဲပါဘူး။


ဒါပေမယ့် ဒီလိုအိမ်လေးတွေက အမြဲတမ်းနေထိုင်ဖို့မဟုတ်ဘဲ အိမ်ခြေရာမဲ့တွေအတွက် ယာယီအဆင်ပြေစေဖို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အေးတဲ့ရာသီဥတုတွေမှာ နွေးနွေးထွေးထွေးနေနိုင်ဖို့အတွက် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။


နောက်ပိုင်းမှာတော့ Geoffroy က အိမ်လေးတွေကို ဒီထက်ပိုပြီးအဆင်ပြေအောင်၊ လူပေါင်းများစွာ နေထိုင်နိုင်အောင် လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments