ဝမ်းဗိုက်မှာ အဆီတွေ များလာတာက ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အဝတ်အစားဝတ်ရတာလည်း အဆင်မပြေဖြစ်လာတဲ့အပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း နည်းလာစေပါတယ်။ အဲဒါကြောင့် ဝမ်းဗိုက် အဆီတွေ၊ အခေါက်တွေကို ဘယ်သူမှ သဘောမကျကြပါဘူး။
ဝမ်းဗိုက်က အဆီတွေ၊ အခေါက်တွေကို သဘောကျပြီး ဂုဏ်ပြုပေးတဲ့ပြိုင်ပွဲက အီသီယိုးပီးယားနိုင်ငံမှာရှိပါတယ်။ အီသီယိုးပီးယားနိုင်ငံ တောင်ပိုင်းမှာ နေထိုင်ကြတဲ့ Bodi ဆိုတဲ့ လူမျိုးနွယ်စုက နှစ်စဉ် အမျိုးသားတွေအတွက် ဝမ်းဗိုက်အဆီပြိုင်ပွဲကို ကျင်းပပေးပါတယ်။
အဲဒီပြိုင်ပွဲမှာ အနိုင်ရဖို့အတွက် အမျိုးသားတွေက ပွဲပြိုင်မစခင် ခြောက်လအလိုကတည်းက ဝမ်းဗိုက်ကြီးမားလာအောင် ပြင်ဆင်ကြပါတယ်။
Bodi လူမျိုးနွယ်စုမှာတော့ ဝမ်းဗိုက်ပူနေတာက ဆွဲဆောင်မှုရှိတယ်လို့ ယူဆထားကြတာပါ။ Bodi လူမျိုးနွယ်စုက စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို ပြုလုပ်ကြပါတယ်။
သူတို့ရဲ့ ဝမ်းဗိုက်ပူပူလေးတွေကို နှစ်စဉ် Ka'el ဆိုတဲ့ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြပါတယ်။ အဲဒီပြိုင်ပွဲမှာ ဝမ်းဗိုက်အပူဆုံးအမျိုးသားက တစ်နှစ်တာလုံးရဲ့ အဝဆုံးအမျိုးသားအဖြစ် ဆုရရှိပါတယ်။
ဒီဆုကို ရရှိရင်တော့ လူမျိုးနွယ်စုတစ်ခုလုံးက တစ်ဘဝလုံးစာ လေးစားကြည်ညိုကြပါတယ်။ ဝမ်းဗိုက်အပူဆုံးဆုရဖို့ဆိုရင် နွားနို့၊ ဒိန်ချဉ်၊ သွေးအစိမ်း၊ ပျားရည်တွေကို လပေါင်းများစွာ ကြာအောင် သောက်ရပါတယ်။
ဝမ်းဗိုက်ပူပူကြီး ရဖို့အတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေကို မလုပ်ရသလို ကယ်လိုရီများတဲ့အစားအစာတွေကိုလည်း စားရပါတယ်။ Bodi လူမျိုးနွယ်စုမှာ နွားတွေကို အလေးအမြတ်ထားပါတယ်။
အဲဒါကြောင့် နွားရဲ့သွေးကိုတော့ မသောက်ပါဘူး။ အဲဒီအတွက် သွေးပြန်ကြောတစ်ကြောကို လှံနဲ့ ဖောက်ပြီး အိုးတစ်လုံးထဲမှာ သွေးတွေကို စုပါတယ်။ အဲဒီနောက် သွေးပြန်ကြောကို ရွှံ့နဲ့ ပြန်ပိတ်လိုက်ပါတယ်။
ပြိုင်ပွဲဝင်မယ့်အမျိုးသားတွေကို အမျိုးသမီးတွေက အစားအစာတွေ လာကျွေးပါတယ်။ မနက်အာရုံတက်ရင် သွေးနဲ့ နွားနို့ရောထားတဲ့အရည်ကို ၁ လီတာနေ ၂ လီတာအထိ သောက်ပါတယ်။ ဒါ့အပြင် တစ်နေကုန်လုံးလည်း သွေးနဲ့ နွားနို့ကို ခဏခဏ သောက်ရပါတယ်။
အချို့သော ပြိုင်ပွဲဝင်အမျိုးသားတွေဆိုရင် ဝမ်းဗိုက်က အရမ်းကြီးမားနေတာကြောင့် လမ်းလျှောက်ဖို့တောင် ခက်ခဲနေပါတယ်။ ဒါပေမယ့်လည်း လူမျိုးနွယ်စုတစ်ခုလုံးရဲ့ လေးစားမှုကို ရရှိဖို့အတွက် ဝမ်းဗိုက်ကို ကြီးမားအောင် ကြိုးစားကြပါတယ်။
ရုပ်သံ
Zombie (lovemedia)
0 Comments