ကိုယ်အစာကျွေးနေတဲ့ ဝံပုလွေ

အမေရိကန်ဌာနေ တိုင်းရင်းသားတွေရဲ့ ပုံပြင်တပုဒ် ရှိပါတယ်။ လူတိုင်းရဲ့ ကိုယ်ထဲမှာ ဝံပုလွေနှစ်ကောင် ရှိတယ်။ အဲဒီဝံပုလွေနှစ်ကောင်ကလည်း အမြဲတမ်း တိုက်ခိုက်နေကြတာတဲ့။

တကောင်က ဒေါသ၊ ဝန်တိုမှု၊ လောဘ၊ မုန်းတီးမှု၊ မုသား၊ မာနနဲ့ တကိုယ်ကောင်းဆန်မှုတွေကို ကိုယ်စားပြုပြီး နောက်တကောင်ကတော့ ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှု၊ မေတ္တာတရား၊ ကြင်နာမှု၊ ညှာတာစာနာမှုတွေကို ကိုယ်စားပြုပါတယ်။ အဲဒီ ဝံပုလွေနှစ်ကောင်ကြား တိုက်ပွဲမှာ အနိုင်ရသူက ကိုယ်အစာကျွေးတဲ့ ဝံပုလွေပါတဲ့။

ကိုယ့်ရဲ့ တုံ့ပြန်မှု၊ အမူအကျင့်မှန်သမျှနဲ့ ကိုယ်ဘယ်လိုလူလဲ ဆိုတာဟာ ကိုယ့်ရဲ့ ရွေးချယ်မှုအရ ဖြစ်လာတယ်။ လူကောင်းလူဆိုး ကိုယ်ဖြစ်လာသမျှဟာ ကိုယ့်ရွေးချယ်မှုအရပဲ။ ဝံပုလွေ ပုံပြင်ထဲကလို ဆိုရင် ကိုယ်အစာကျွေးတဲ့ ဝံပုလွေ ကြီးထွားလာတာပဲ။

လူတိုင်းမှာ သူတို့ကို လှုံ့ဆော်တဲ့အကြောင်းအရာ Stimulus နဲ့ အဲဒီအကြောင်းအရာပေါ် တုံ့ပြန်မှု Response ဆိုတာရှိတယ်။ ကိုယ့်နားမှာ ကိုယ့်ဆီမှာ အဖြစ်အပျက်တွေဖြစ်လာတာက လှုံ့ဆော်မှု(Stimulus) ဖြစ်ပြီး အဲဒီ အကြောင်းအရာတွေအပေါ် ကိုယ်ဘယ်လို ဆက်ဆံလိုက်လဲဆိုတာက ကိုယ့်ရဲ့တုံ့ပြန်မှု (Response) ဖြစ်ပါတယ်။

ကိုယ့်နားမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ဘယ်ဟာတော့ဖြစ် ဘယ်ဟာကတော့ မဖြစ်နဲ့ ဆိုပြီး ရွေးချယ်လို့ မရပေမယ့် ကိုယ်ဘယ်လို တုံ့ပြန်မယ် ဆိုတာကတော့ ရွေးချယ်နိုင်ခွင့် ရှိတယ်။

ဥပမာ အလုပ်မှာ အဆူခံရတယ် ဆိုပါစို့။ အဆူခံရတယ်ဆိုတာက လှုံ့ဆော်မှုပါ။ အဲဒီလှုံ့ဆော်မှုကို ဘယ်လို တုံ့ပြန်လိုက်မလဲ ဆိုတာကတော့ ကိုယ့်ရဲ့ ရွေးချယ်မှုပါ။

အဆူခံရတာကို ဒေါသတကြီးနဲ့ အော်ဟစ်ပေါက်ကွဲ ငိုယိုပြီး အလုပ်ထွက်လိုက် နိုင်သလို ဘာကြောင့် အဆူခံရတာလဲ၊ ဘာတွေမှားနေတာလဲ ဆိုတာကို ပြန်သုံးသပ်ပြင်ဆင်ပြီး အမှားတွေကနေ သင်ခန်းစာယူ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ယူလို့လည်း ရတယ်။

ကိုယ်တုံ့ပြန်ပုံပေါ် မူတည်ပြီး ဆက်လက်ဖြစ်လာတဲ့ အဖြစ်အပျက်တွေက ကွဲပြားခြားနားသွားမယ်။ ပြီးရင် လူချင်းလည်း ကွဲပြားသွားလိမ့်မယ်။

ကျနော်တို့ လူမျိုးတွေက တုံ့ပြန်မှု မလွန်ကဲသင့်တဲ့ နေရာမှာ တုံ့ပြန်မှု လွန်ကဲတတ်ပြီး တကယ်ထိထိရောက်ရောက် တုံ့ပြန်ရမယ့် အရာတွေ အပေါ်မှာတော့ ပေယျာလကန်ပဲ ထားတတ်တယ်။

အပေါ်က ဥပမာမှာဆိုရင် အလုပ်မှာ အဆူခံရလို့ ငါဘာကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ရမလဲလို့ တွေးမိတဲ့သူက အင်မတန် နည်းတဲ့ ရာခိုင်နှုန်းမှာရှိပြီး အဆူခံရလို့ဆိုပြီး ဖေ့ဘွတ်ပေါ်တင်တာ၊ အတင်းပြောတာ၊ အလုပ်ထွက်ပစ်ကြတာတွေ ကတော့ အရမ်းများပါတယ်။

ကိုယ်ဟာ တုံ့ပြန်မှုကို ရွေးချယ်ပိုင်ခွင့် ရှိပေမယ့် ကိုယ့်ရဲ့ တုံ့ပြန်မှုကြောင့် ဆက်ဖြစ်လာတဲ့ အကျိုးဆက်တွေကိုတော့ ရွေးချယ်ပိုင်ခွင့်မရှိဘူး။ ဥပမာ ရေနဲ့ ကစားနေတဲ့ ကိုယ့်ကလေးကို မြင်လိုက်တယ် ဆိုတာက လှုံ့ဆော်မှု။

အော်ကြီးဟစ်ကျယ်နဲ့ ဆူပူမာန်မဲလိုက်ဖို့ ဆုံးဖြတ်တာက ကိုယ့်ရဲ့ တုံ့ပြန်မှု။ ကလေးက ကိုယ့်ကို မုန်းတီးသွားနိုင်တာ၊ စိတ်အနာတရ ဖြစ်သွားနိုင်တာ အစရှိတာတွေက ကိုယ့်တုံ့ပြန်မှုကြောင့် ဆက်ဖြစ်လာတဲ့ အကျိုးဆက်တွေပါ။

ကိုယ်ဟာ ကြိုက်တဲ့ ဝံပုလွေကို အစာကျွေးခွင့် ရှိတယ်။ ဒါပေမယ့် ကိုယ်အစာကျွေးတဲ့ ဝံပုလွေ ကြီးထွားလာပြီး ဖြစ်လာတဲ့အကျိုးဆက်တွေကိုတော့ တားဆီးနိုင်ခွင့် မရှိဘူး။ ကိုယ့်ရွေးချယ်မှုကြောင့် ဖြစ်လာတဲ့ ကိုယ့်အခြေအနေနဲ့ ပတ်သက်လို့ ဘယ်သူ့ကိုမှ အပြစ်တင်စရာ မရှိဘူး။

တချို့တွေက "တကယ်လို့သာဆိုရင်" ဆိုတာကို အားသန်တယ်။ "ငါဖြစ်နိုင်တယ်" ဆိုတာကို အားမသန်ဘူး။ ဒါကြောင့် သူတို့ရဲ့ ဘဝအခြေအနေဟာ သူတို့အပေါ် ဖြစ်လာတဲ့အရာတွေကြောင့်လို့ပဲ တထစ်ချ ယူပြီး အပြစ်တင်တယ်။

အကြောင်းအရာတိုင်းအတွက် ရွေးချယ်ပိုင်ခွင့်ရှိသူဟာ ကိုယ်ပါ။ ဆုတ်ယုတ်နိုင်တာလည်း ကိုယ့်ရွေးချယ်မှု၊ တိုးတက်နိုင်စေတာလည်း ကိုယ့်ရွေးချယ်မှု။ လူတိုင်းဟာ သူတို့ရွေးချယ်တဲ့ အတိုင်းပဲ ဖြစ်လာတယ်။

ဒီသဘောတရားကို ခေါင်းထဲထည့်ထားနိုင်ရင် မှန်ကန်တဲ့ ရွေးချယ်မှုတွေ လုပ်ဖို့အတွက် တနည်းအားဖြင့် မှန်ကန်တဲ့ ဝံပုလွေကို အစာကျွေးဖို့အတွက် အကူအညီ ဖြစ်နိုင်ပါလိမ့်မယ်။ "မင်းဘယ်သူဆိုတာကို မင်းမိဘတွေက ရွေးချယ်ပေးတယ်။ မင်းဘယ်လိုလူလဲ ဆိုတာကိုတော့ မင်းကသာ ရွေးချယ်ရတယ်" Crd

Post a Comment

0 Comments