ယောက်ခမကောင်းတယောက်

ကျနော်ဟာ ယောက္ခမအိမ်မှာ လိုက်နေရတဲ့သူ တယောက်ပါ။ တနေ့မှာတော့ ကျနော်ရယ် ကျနော့်မိန်းမရယ် အခန်းထဲမှာ သားလေးကို စာသင်ပေးနေတဲ့အချိန် ဘုရားစင်ရှေ့မှာ ပန်း ဆီမီး ရေချမ်း ကပ်လှူနေတဲ့ ယောက္ခမကြီးက ဘုရားရှစ်ခိုး အပြီးမှာ သူ့သမီးဖြစ်သူကို သမီးလေး ခဏလာပါအုံး ဆိုပြီး ခေါ်သွားပါတယ်။

ယောက္ခမဖြစ်သူက သူ့သမီးလေးကို ခေါ်သွားပြီး အခုလိုလေး ပြောပြပါတယ်။ "ဒီမယ် သမီး အမေသာ တချိန်က သမီးလေးတို့ လင်မယားနှစ်ယောက် ခဏခဏ နားလည်မှုလွဲပြီး စိတ်ဆိုး စိတ်ကောက်တဲ့အချိန် ဝင်ဝင်ပြီး ပြောခဲ့ ဆိုခဲ့မယ်ဆိုရင် ခုလို ပျော်ရွှင် ငြိမ်းချမ်းတဲ့မိသားစု ဘဝလေး ရမယ် မထင်ဘူးနော်။

မေမေသာ ကြားဝင်ခဲ့ရင် ခုချိန်ဆို သမီးလေးတို့ လင်မယား ကွဲနေလောက်ပြီ။ သမီးလေး သိထားရမှာက သမီးလေးဟာ နောင်တချိန်မှာ ယောက္ခမနေရာကို မရောက်ဘူးလို့ ပြောလို့ မရဘူး။

ဒါကြောင့် သမီးလေးအနေနဲ့ ယောက္ခမနေရာ ရောက်တဲ့အခါ ဘယ်လိုပြုမူ နေထိုင်ရမယ် ဆိုတာ သမီးလေး နားလည်အောင် မေမေ ပြောပြမယ်။

သမီးလေး ယောက္ခမ ဆိုတာ သားသမီးတွေရဲ့ အိမ်ထောင်ရေးကြားမှာ နေရတဲ့အခါ တခါတလေ မျက်မမြင် တယောက်လို မသိသလို နေပေးရတယ်။ တခါတလေ နားမကြားတဲ့သူ တယောက်လို မကြားချင်ယောင် ဆောင်ပေးရတယ်။

ယောက္ခမဆိုတာ သားသမီးတွေရဲ့ အိမ်ထောင်ရေးကြားမှာ နေရတဲ့အခါ လာဘ်စားမှုမရှိတဲ့ ရှေ့နေတယောက်လို မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးနိုင်ရမယ်။ ယောက္ခမဆိုတာ မိမိရဲ့ အတ္တကို ရှေ့တန်းတင်ပြီး သားသမီးတွေရဲ့ အိမ်ထောင်ရေးကို ဝင်ပြီး မဆုံးဖြတ်သင့်ဘူး သမီး။

လောကမှာ တချို့သော အိမ်ထောင်ရေးတွေ ပြိုကွဲရခြင်းဟာ အတ္တကြီးပြီး ဉာဏ်ပညာ နည်းပါးသော ယောက္ခမတွေကြောင့် ဆိုရင် မှားမယ် မထင်ဘူးနော်။ လင်နှင့်မယား လျှာနှင့်သွား ဆိုတဲ့ ဆိုရိုး စကားရှိတယ် မဟုတ်လား သမီး"

"ဟုတ်ကဲ့ ကြားဘူးပါတယ် အမေ"

"ဒီမယ်သမီး၊ သမီး အိမ်ထောင်ကျတဲ့နေ့က စပြီး သမီးကို အမေ မပိုင်တော့ပါဘူး။ အမေဟာ အခုဆို အသက် (၇၀) ကျော်နေပြီ။ နောက်ထက် အသက် (၁၀) နှစ် ထပ်နေရဖို့ မသေချာတော့ဘူး။

ဒါပေမဲ့ အမေ မသေခင်လေးမှာ သမီးအတွက် (စံပြ အမေ) မြေးလေးတွေ အတွက် (စံပြ ဘွားဘွား) သမက်အတွက် (စံပြ ယောက္ခမ) ဖြစ်အောင် နေပေးသွားချင်တယ်။

တကယ်တော့ ယောက္ခမဆိုတာ ဥပမာနဲ့ ပြောရလျှင် ဘောလုံးကွင်းထဲမှာ ဘောလုံး (၂) သင်းကို ဒိုင်လုပ်ပေးရတဲ့ ဒိုင်လူကြီးလိုပါပဲ။ မျှမျှတတ ဆုံးဖြတ်ပေးပါမှ စစ်မှန်တဲ့ ရလဒ် ထွက်ပေါ်လာမယ်။ အဲဒီလိုမှ မဟုတ်ပဲ တဖက်အသင်းကို ဦးစားပေးလိုက်ရင် တခြားအသင်း နစ်နာသွားမယ်။

ယောက္ခမ တယောက်ဟာလည်း ဒီလိုပါပဲ။ သမီးနဲ့ သမက်ကြားမှာ မျှတစွာ နေထိုင် ပြောဆိုတတ်ပါမှ စစ်မှန်တဲ့ မိသားစုလေးကို ထာဝရ တည်ဆောက်နိုင်မှာနော် သမီး။ သမီးလေး အမေပြောခဲ့တဲ့ စကားလေးတွေကို အမြဲတမ်း မှတ်ထားပေးပါနော်"

"ဟုတ်ကဲ့ပါ မေမေ၊ သမီး သေသေချာချာ မှတ်သားထားပါ့မယ်"

ထိုအချိန် အခန်းထဲမှာ သားလေးကို စာပြနေတဲ့ ကျနော် ယောက္ခမကြီးရဲ့ ဆုံးမစကားလုံးလေးတွေကို ကြားယောင်ရင်း စိတ်ထဲကနေပြီး ယောက္ခမအား လေးစားနေမိ ပါတော့တယ်။

လောကထဲမှာ ရှိကြတဲ့ လူတိုင်း ယောက္ခမနေရာကို ရောက်တဲ့အခါ… သမက်နှင့် ချွေးမတို့ အပေါ် စံပြထိုက်သော ယောက္ခမလောင်းများ ဖြစ်နိုင်ကြပါစေ။ PannNuHtwe

Post a Comment

0 Comments