တခါတုန်းက ခြင်္သေ့တကောင်သည် လွန်စွာ စိတ်အားငယ်လျက် ရှိ၏။ ခြင်္သေ့အပေါင်းသည် ခွန်အားဗလလည်း ရှိကြ၏။ ရဲစွမ်းသတ္တိ နှင့်လည်း ပြည့်စုံ ကြ၏။
သို့ပါလျက် သူတို့သည် ဘာမဟုတ်သည့် ကြက်တွန်သံကိုမူ ကြောက်ရွံ့ ထိတ်လန့် ကြ၏။ ကြက်တွန်သံ ကြားသည်နှင့် တပြိုင်နက် သူတို့သည် ထိုအသံမှ ကင်းဝေးရာ အရပ်ဆီသို့ ထွက်ပြေး ပုန်းရှောင် ကြရသည်ချည်း ဖြစ်၏။
ထို့ကြောင့် အဆိုပါ ခြင်္သေ့သည် သူတို့ကို ဖန်ဆင်းသော နတ်မင်းကြီးထံ သွားရောက်သည်။ ထိုအကြောင်းနှင့် ပတ်သက်၍ ပြစ်တင် ပြောဆို၏။
နတ်မင်းကြီးက "ဤအချက်နှင့် စပ်လျဉ်း၍ သင်သည် ကျွန်ုပ်ကို အပြစ်မဆိုသင့်။ သင့်အတွက် အကျွန်ုပ်သည် တတ်စွမ်းရှိသမျှ အစွမ်းကုန် ဖန်ဆင်းပေးထား သည် မဟုတ်ပါလော။
သေချာစွာ သုံးသပ်ကြည့်ပါ။ သင့်အဖို့ ဤအချက် တခုမှ လွဲလျှင် အခြား ချို့ယွင်းချက်ဟူ၍ လုံးဝ မရှိပါ။ ကျေနပ်သင့်ပါသည်" ဟူ၍ နှစ်သိမ့် စကား ပြောကြား၏။
ဤသို့ နတ်မင်းကြီးက ဆိုသော်လည်း ခြင်္သေ့ကား နှစ်သိမ့်နိုင်ခြင်း မရှိ။ များစွာ စိတ်အားငယ်လျက် ရှိရကား အသက်မရှင်လို။သေသွားရန်ပင် ဆန္ဒဖြစ်နေသည်။
ထိုသို့ရှိစဉ် တနေ့သ၌ သူသည် အလွန်တရာ ကြီးမားသော ဆင်ကြီးတကောင်ကို တနေရာ၌ သွားတွေ့၏။ ဆင်ကြီးကို သတိ ထား၍ ကြည့်သောအခါ ဆင်ကြီးသည် သူ၏ နားရွက်တို့ကို ထောင်လျက် တစုံတခုသော အသံကို နားစွင့်လျက် ရှိသည်ကို တွေ့ ရ၏။
ဤတွင် ခြင်္သေ့က ဆင်ကြီးအား အကျိုးအကြောင်း မေးမြန်း၏။ သို့မေးမြန်းခိုက် ယင်တကောင်သည် သူတို့ အနီးသို့ တဝီဝီ ပျံသန်း လာသည်ကို တွေ့လိုက်ရ၏။
ဆင်ကြီးက "အဆွေ၊ ယင်သတ္တဝါကို သင်မြင်သည် မဟုတ်ပါလော။ ကျွန်ုပ်အဖို့ ယင်ကောင်များကို လွန်စွာပင် ကြောက်လန့်လှ ပါသည်။
အကယ်၍ ကျွန်ုပ်၏ နားထဲသို့ ၎င်းတို့သာ ဝင်ရောက်လာ မည်ဆိုပါက ကျွန်ုပ်သည် မုချ သေဆုံးရပါလိမ့်မည်။ သို့ဖြစ်၍ ၎င်းတို့ ရန်မှ ရှောင်ရှားနိုင်ရန် ကျွန်ုပ်သည် အစဉ် နားစွင့်လျက် ရှိရပါသည်" ဟု ဖြေကြား၏။
ဆင်၏ စကားကို ကြားသော် စိတ်အားငယ်လျက်ရှိသော ခြင်္သေ့အဖို့ တမုဟုတ်ချင်း အားသစ်ဝင်လာ၏။ ထို့ကြောင့် သူက
"သည်မျှ ကြီးမားသော ဆင်ကြီးပင်လျှင် လွန်စွာ သေးငယ်သော ယင်ကောင်လေးကို ကြောက်ရွံ့နေပါက ငါ့အဖို့ ယင်ကောင်ထက် ဆယ်ဆမက ကြီးမားသော ကြက်ငယ်ကို ကြောက်ရွံ့မိသည်မှာ ဘာမျှ ရှက်ကြောက် အားငယ်ဖွယ်ရာ မရှိပါတကား" ဟူ၍ စိတ်တွင်းမှ ပြောဆို လိုက်လေ၏။ Crd
0 Comments