တခါတုန်းက ညအခါမှာ မျောက်တကောင်ဟာ ဆော့ကစားရင်း ရေကန်လေးတခု အနားကို ရောက်ခဲ့တာပေါ့။ ရေကန်လေးထဲ ကြည့်မိလိုက်တော့ ရေကန်ထဲက လရိပ်ကို မြင်တာပေါ့။ အဲ့ဒီမှာတင် မျောက်လည်း အလန့်တကြားနဲ့ လမင်းကြီး ရေနစ်နေတယ် ထင်သွားတာပေါ့။ေ
မျောက်လည်း ချက်ခြင်းပဲ တောထဲ အမြန်သွားပြီး လရေနစ်နေတဲ့ အကြောင်း လိုက်ပြောတော့တာပေါ့။ အဲဒီမှာတင် အိပ်စက်အနားယူနေတဲ့ တိရစ္ဆာန်တွေလည်းအလန့်တကြား ဖြစ်ကြရင်း တဆင့်စကား တဆင့်နဲ့ ဒီသတင်းဟာ တတောလုံး ပြန့်နှံ့သွားသတဲ့။
လကြီး မရှိတော့ရင် ညပိုင်းအလင်းရောင် မရတော့မှာ စိုးကြောက်ကြတဲ့ တိရစ္ဆာန်တွေ ရှိကြသလို၊ တောကြီး ပျက်စီးသွားမယ်၊ ကမ္ဘာကြီး ပျက်စီးသွားတော့မယ်လို့ ကောလာဟာလတွေ ပြောတဲ့ အချို့တိရစ္ဆာန်ကြောင့် ကြောက်လန့်သူတွေလည်း ရှိကြတာပေါ့ကွယ်။
ဆင်တွေဟာ သူတို့ နှာမောင်းတွေနဲ့ ကန်ထဲက ရေကို စုပ်ယူပြီး အပြင်ကို ခပ်ကြတာပေါ့။ မြေခွေးတွေ ဝက်ဝံတွေကလည်း ရေမြောင်းတွေ ဖောက်ကြနဲ့ မျောက်အုပ်ကလည်း ကြိုးတွေ ရှာကြတာပေါ့။
အဲဒီအချိန်မှာ ညပိုင်းမှာ အစာရှာထွက်လေ့ရှိတဲ့ ဇီးကွက်ကြီးဟာ အစာရှာပြီး ပြန်အလာမှာ တတောလုံး အလုပ်ရှုပ်နေတာကို မြင်တွေ့တော့ အံ့သြရတာပေါ့။ ဒီအကောင်တွေဟာ ညပိုင်းအိပ်စက်တဲ့ သတ္တဝါတွေဆိုတာ သူသိတယ်လေ။
အခုမှ ထူးထူးခြားခြား တတောလုံး အလုပ်ရှုပ်နေပုံ ထောက်ရင် တခုခုတော့ ထူးခြားနေပြီ သေချာအောင် စုံစမ်းမှပဲ ဆိုပြီး တောပြောင်းဖို့ ပြင်နေတဲ့ ယုန်ကလေးကို မေးကြည့်တယ်။
"အဆွေယုန် တောထဲမှာ ဘာတွေ ဖြစ်နေကြတာလဲဗျ"
အဲ့ဒီအခါယုန်က "ဒီတောကြီးကို မပျက်စီးအောင် ထိန်းသိမ်းထားတဲ့ အရာကြီး တောစပ်က ရေကန်ထဲ နစ်နေလို့တဲ့ဗျ။ အဲ့ဒါကြီး အပေါ်ပြန်မရောက်ရင် ဒီတောကြီး ပျက်ပြီဗျ။ တောကြီးမပျက်စီးခင် သိမ်းစရာရှိတာ အမြန်သိမ်းထားဗျို့" လို့ ဆိုသတဲ့။
ဇီးကွက်လည်း ရေရေရာရာ မသိရတာကြောင့် အခြားတယောက်ကို မေးမယ်လို့ စဉ်းစားပြီး တောဝက်ကြီးကို သွားမေးသတဲ့။
"အဆွေတောဝက် တောထဲမှာ ဘာတွေ ဖြစ်နေတာတုန်းဗျ"
"မကောင်းဆိုးဝါးတွေက ဒီတောကို သိမ်းပိုက်လိုက်လို့ ဒီတောကြီး ညဆို အလင်းရောင် မရတော့ဘူးတဲ့ဗျ။ တောစပ်က ရေကန်ထဲမှာတော့ မကောင်ဆိုးဝါးကို နိုင်တယ်ဆိုတဲ့သူ ရေနစ်နေတယ်ဆိုလို့ အချို့တွေ သွားဆယ်နေကြလေရဲ့" လို့ ဆိုပြန်တယ်။
ဇီးကွက်လည်း မတင်မကျ စကားတွေဟာ စစ်မှန်သော နည်းလမ်းကို မပေးနိုင်ဘူးဆိုတာ သိတာကြောင့် ပြဿနာရဲ့ အရင်းအမြစ်ဖြစ်တဲ့ တောစပ်က ရေကန်လေးကို သွားကြည့်မှ သင့်တော်မယ်လို့ တွေးမိသတဲ့။ ဒါကြောင့် ရေကန်လေးဆီ ထွက်လာခဲ့တာပေါ့။
ရေကန်လေးဆီ ရောက်တယ်ဆိုရင်ပဲ ရေတွေခပ်နေတဲ့ ဆင်ကြီးကို "အဆွေဆင် ရေကန်ထဲက ရေတွေကို ဘာလို့ ခပ်နေတာတုန်းဗျ" လို့ မေးသတဲ့။
ဆင်လည်း "မသိပါဘူးကွာ မျောက်က ရေအကုန်ခပ်ပေးပါ ဆိုလို့ ခပ်နေတာကွ" ပြန်ဖြေသတဲ့။ မျောက်ကို သွားမေးတော့မှ လကြီး ရေနစ်နေတဲ့အကြောင်း ဇီးကွက်က သိရတော့တာပေါ့။
အဖြစ်မှန်ကို သိရတော့ ဇီးကွက်လေးက အားရပါးရ ရယ်သတဲ့။
"ကျုပ်အစာရှာထွက်တဲ့ တလျှောက်လုံး လက ကျုပ်နဲ့ အတူလိုက်နေတာဗျ။ သင်တို့ ကောင်းကင်ပေါ်လည်း မော့ကြည့်ကြပါဦး"
လို့ ပြောလိုက်တော့မှ အခြားတိရစ္ဆာန် တွေလည်း ကောင်းကင်ပေါ်က လကြီးကို သတိထားမိ ကြတာပေါ့။ အဲဒီတော့မှ ရေကန်ထဲက လဟာ အရိပ်ဆိုတာ သိရှိသွားတော့တယ်။
တကယ်တော့ လောကမှာ လူတော်တော်များဟာ ကိုယ်တိုင်မမြင် မကြုံတွေ့ဘူးပါပဲ အခြားသူတွေ စကားတွေနဲ့တင် လမ်းဆုံးရောက်တတ် ကြတယ်။ ကိုယ်တိုင်လေ့လာပြီး ကိုယ်ပိုင်ဉာဏ်နဲ့ ပိုင်းခြားကြည့်ဖို့ ကိုတော့ မေ့လျော့နေတတ် ကြတယ်။ နွေမင်းသစ်
0 Comments