ရေစစ်ကို ဖြတ်သန်းပြီးတဲ့အခါ ရေထဲက မကောင်းတဲ့ အညစ်အကြေးတွေ၊ အမှိုက်တွေဟာ ရေစစ်ထဲမှာ ကျန်ခဲ့တယ်။ ပိုကောင်းတဲ့၊ ပိုသန့်တဲ့ ရေကြည်ရေကောင်း ဖြစ်သွားတယ်။ ပိုအသုံးဝင်တဲ့ နေရာအသီးသီးကို ရောက်သွားတယ်။
တချို့ရေတွေက ဘုရားသောက်တော်ရေ ဖြစ်သွားတယ်။ တချို့ရေတွေက သောက်ရေသုံးရေ ဖြစ်သွားတယ်။ တချို့ရေတွေက အလှငါးမွေးကန်ထဲ ရောက်သွားတယ်။
အလားတူ အခက်အခဲတွေ ကြုံတဲ့အခါ ကိုယ့်ရဲ့ မကောင်းတဲ့ အရာတွေကို စစ်ထုတ်ချန်ထားခဲ့ဖို့ အချိန်ကျပြီဆိုတာ တွေးမိစေချင်ပါတယ်။
ကိုယ့်ရဲ့မကောင်းတဲ့ စိတ်အခြေအနေတွေ၊ ကိုယ့်ရဲ့ မကောင်းတဲ့ အမူအကျင့်တွေ၊ ကိုယ့်ကို ဟန့်တားပိတ်ဆို့ နေတဲ့ ယုံကြည်မှု နည်းပါးခြင်းတွေ၊ တွေဝေခြင်းတွေ၊ စိတ်ဓာတ်ကျ လေလွင့်ခြင်းတွေကို ချန်ထားခဲ့ရမှာပါ။
အခက်အခဲတွေ ကြုံပြီးတဲ့အခါ ပိုကောင်းတဲ့၊ ပိုတော်တဲ့၊ ပိုအသုံးဝင်တဲ့ လူတယောက်အဖြစ် ပြောင်းလဲသွားရမှာပါ။
မနှစ်က ကျနော့်ဘဝမှာ မဆုံးရှုံးဖူးတဲ့ ငွေကြေးပမာဏအထိ ဆုံးရှုံးသွားတဲ့အခါမှာ ငွေနဲ့ ပတ်သက်တဲ့ သင်ခန်းစာတွေ အများကြီး ရခဲ့တယ်။
ကျပ်တည်းမှုတွေ ကြုံမိတဲ့အခါ ကိုယ့်လိုအပ်ချက်တွေကို ပြန်မြင်ပြီး ပြောင်းလဲရမှာပါ။ ဝမ်းနည်း ပူဆွေးပြီးတဲ့အခါ ပိုအရေးပါတာတွေကို ပိုခံစားတတ်ဖို့ ပြောင်းလဲရမှာပါ။ အမှားတွေ ကြုံပြီးတဲ့အခါ ပိုကောင်းတဲ့ လူတယောက်အဖြစ် ပြောင်းလဲရမှာပါ။
အသည်းတွေ ကွဲပြီးတဲ့အခါ ကိုယ့်ကိုယ်ကို ပိုချစ်တတ်ဖို့ ပြောင်းလဲရမှာပါ။ နှိမ့်ချ ဆက်ဆံမှုတွေ ကြုံပြီးတဲ့အခါ ပိုထူးချွန်ထက်မြက်တဲ့သူ ဖြစ်လာအောင် အာရုံစိုက် ပြောင်းလဲရမှာပါ။
သင့်ကျရှုံးမှုတွေကို ဝမ်းသာနေသူတွေ ရှိသလို သင့်အောင်မြင်မှုတွေကို လက်ကမ်း ကြိုနေသူတွေလည်း များစွာ ရှိပါတယ်။ သင်သာ သင့်ဘဝရဲ့ ဇာတ်ဆရာပါ။ တခြားသူတွေက ပွဲကြည့်ပရိသတ်ပါ။
အခက်အခဲတွေ ကြုံတဲ့အခါ ရေစစ်လို အသုံးခံမှာလား။ ဖြတ်သန်း ကျော်ဖြတ်မသွားဘဲ စိတ်ဓာတ်ကျနေမှာလား။ သင်ရွေးချယ်နိုင်ပါတယ်။ သင့် ရွေးချယ်မှုအတိုင်း သင့်အချိန်တွေက အသုံးချခံနေ ပါလိမ့်မယ်။
သင့်ဘဝအတွက် အရေးကြီးတဲ့ အရာတွေကို အာရုံတစိုက် လုပ်လာဖြစ်တာနဲ့အမျှ သင်ဟာ အရေးပါသူ ဖြစ်လာပါလိမ့်မယ်။ ကောင်းစံသာ (ရေကြည်)
0 Comments