အမြင်လေး ပြောင်းကြည့်ပါ

တခါတုန်းက ချမ်းသာကြွယ်ဝတဲ့ သူဌေးကြီးတယောက်ဟာ မျက်စိရောဂါတခုကို အပြင်းအထန် ခံစားနေရပါတယ်။

သူဌေးကြီးက သူခံစားနေရတဲ့ ရောဂါဝေဒနာကို သက်သာ ပျောက်ကင်းစေဖို့ သမားတော်တွေ တယောက်ပြီးတယောက် ပြောင်းလဲ ကုသပေမယ့်လည်း သိသိသာသာ ထူးခြာကောင်းမွန် မလာတာကြောင့် စိတ်ညစ်နေပါတယ်။

ဒီလိုနဲ့နေလာရင်း မျက်စိရောဂါကို ကုသရာမှာ ဂုဏ်သတင်းကျော်ဇောတဲ့ ဘုန်းကြီးတပါး အကြောင်းကို ကြားသိခဲ့တာကြောင့် သူဌေးကြီးဟာ သွားရောက် ပြသခဲ့ပါတယ်။

ဘုန်းတော်ကြီးက သူဌေးကြီးရဲ့ မျက်စိရောဂါ အခြေအနေကို သေသေချာချာ လေ့လာသုံးသပ်ပြီးနောက် အခုလိုပဲ ပြောလိုက်ပါတယ်။

"အမြန်ဆုံး ပျောက်ကင်းသွားမှာပါ။ ဒါပေမယ့် လောလောဆယ်တော့ အစိမ်းရောင်ရှိတဲ့ ပတ်ဝန်းကျင် အရာဝတ္တုများနဲ့သာ နေထိုင်သင့်ပြီး အခြားအရောင်တွေကို မကြည့်မိအောင် ရှောင်ကြဉ်ရမယ်" လို့ မှာကြားခဲ့ပါတယ်။

သူဌေးကြီးလည်း ဘုန်းတော်ကြီးရဲ့ ညွှန်ကြားချက်အတိုင်း သူရဲ့ပတ်ဝန်းကျင်မှာ ရှိတဲ့ အရာဝတ္တု မှန်သမျှကို အစိမ်းရောင် ခြယ်သပြီး နေထိုင်လိုက်ပါတယ်။

ရက်အနည်းငယ် ကြာပြီး သူဌေးကြီးရဲ့ အိမ်ကို ဘုန်းတော်ကြီး ကြွလာတဲ့အခါမှာတော့ မြင်မြင်သမျှ အရာအားလုံးက အစိမ်းရောင်ခြယ်ထားတာကို တွေ့လိုက်ရပါတယ်။

သူဌေးကြီးက "ဘုန်းတော်ကြီးရဲ့ အကြံပေးချက်အတိုင်း အခြားအရောင်တွေကို မကြည့်ရှုပဲ အစိမ်းရောင် တမျိုးတည်းကိုသာ ကြည့်ရှုသင့်တယ် ဆိုလို့ မြင်မြင်သမျှ အရာအားလုံးကို အစိမ်းရောင် ခြယ်သထားပါတယ်။ အဆင်ပြေရဲ့လား" လို့ မေးလိုက်ပါတယ်။

အဲဒီအခါ ဘုန်းတော်ကြီးက အနည်းငယ် ပြုံးလိုက်ပြီး "သြော် သူဋ္ဌေးကြီးရယ် လွယ်တာကို ခက်အောင် လုပ်နေပါလား။ တကူးတက အပင်ပန်းခံ၊ ငွေကုန်ကြေးကျခံပြီး ပတ်ဝန်းကျင်မှာရှိတဲ့ မြင်မြင်သမျှကို အစိမ်းရောင် လိုက်ပြီး ခြယ်သနေစရာမလိုပါဘူး။

သင်ရဲ့ မျက်လုံးတစုံကိုသာ အစိမ်ရောင်မြင်ကွင်းတွေ ပေးစွမ်းနိုင်မယ့် အစိမ်းရောင် မျက်မှန်တလက်ကို ဝယ်ယူပြီး သင်ရဲ့ မြင်ကွင်းတွေကို ပြောင်းလဲပစ်လို့ ရတယ်လေ" လို့ ပြောလိုက်ပါတယ်။

ဒီအကြောင်းအရာလေးက အနည်းငယ် ဟာသလေး နှောထားပေမဲ့လည်း ပေးချင်တဲ့အသိလေး တခုတော့ ရှိပါတယ်။ ဘာလဲဆိုတော့ ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျှ လူပေါင်းများစွာနဲ့ ပြောဆိုဆက်ဆံတဲ့အခါ ကိုယ့်စိတ် ကိုယ်သဘောနဲ့ ကိုက်ညီတဲ့ သူများရှိတတ်သလို မကိုက်ညီတဲ့ သူများကိုလည်း တွေ့ရတတ်ပါတယ်။

အကြောင်းတစုံတရာကြောင့် စိတ်သဘောထားခြင်း မတိုက်ဆိုင်ကြတဲ့အခါ ပြဿနာတွေ တက်ကြရပါတယ်။ အကောင်းဆုံးဖြေရှင်းနည်းကတော့ ကိုယ်နဲ့ စိတ်သဘောထားခြင်း မတိုက်ဆိုင်တဲ့သူတွေကို တွေ့ဆုံတဲ့အခါ သူတို့ကို ပြောင်းလဲဖို့ မကြိုးစားပါနဲ့။

သင် အရမ်းပင်ပန်းသွားပါလိမ့်မယ်။ သူတို့နဲ့ ပေါင်းသင်းဆက်ဆံရမယ့် ကိုယ့်ရဲ့ စိတ်ကိုသာ လိုက်လျောညီထွေ ပြောင်းလဲဆက်ဆံခြင်းက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ရိုးရာလေး

Post a Comment

0 Comments