တခါတုန်းက အာရေးဗီးယားဒေသမှာ စူလတန်ဘုရင်ကြီးတပါး ရှိပါသတဲ့။ ဘုရင်ကြီး ဘယ်ကိုပဲသွားသွား ပညာရှိကြီးတယောက်ကို အမြဲပဲ ခေါ်ဆောင်သွားလေ့ ရှိတယ်။ ပညာရှိကြီးရဲ့ အမည်ကတော့ ဟွန်ဂျာလို့ ခေါ်ပါသတဲ့။
တနေ့တော့ ဘုရင်ကြီးဟာ အင်မတန် ဝေးလံသီခေါင်တဲ့ ဒေသတခုကို ခရီးထွက်ဖို့ ဖြစ်လာတယ်။ အဲဒါကြောင့်လည်း သူဟာ ခါတိုင်းလိုပဲ ပညာရှိကြီးဟွန်ဂျာကို ခေါ်ဆောင်ပြီး ကိုယ်ရံတော် အလုပ်အကျွေးတွေနဲ့တကွ ခရီးထွက်ခဲ့တယ်။
ဘုရင်ကြီးနဲ့တကွသော အလုပ်အကျွေးတွေဟာ အင်မတန် ကြမ်းတမ်းလှတဲ့ သဲကန္တာရ အထပ်ထပ်ကို ဖြတ်ကျော် ခရီးနှင်လာခဲ့ကြတယ်။
အဲဒီလိုနဲ့ တနေရာအရောက်မှာတော့ သူတို့မြင်ကွင်းတဆုံး တနေရာမှာ မြို့ငယ်လေးတမြို့ကို မြင်တွေ့လာကြရတယ်။ အဲဒီလို မြို့ကလေးကို မြင်တွေ့တဲ့အခါ ဘုရင်ကြီးက ဟွန်ဂျာကို ဒီလိုပြောတယ်။
"ဟွန်ဂျာ မင်းဟာ ဉာဏ်ပညာ ကြီးမားတဲ့အတွက် ငါကိုယ်တော်ပိုင်တဲ့ တိုင်းနိုင်ငံတဝှမ်းမှာ မောင်မင်းအမည်နာမကို မကြားဖူးသူ မရှိပေဘူး။
အဲသည်လိုပဲ ငါကိုယ်တော်ဟာလည်း တရားစောင့်သော မင်းကောင်းမင်းမြတ်အဖြစ် လူတကာ သိကြတာချည်းပဲ။ အခုကိုယ်တော်တို့ မြင်နေရတဲ့ မြို့ကျတော့ အရမ်းခေါင်နေတော့ ငါကိုယ်တော်ကိုရော၊ မောင်မင်းကိုပါ မြင်ဖူးတွေ့ဖူးသူ ရှားလိမ့်မယ်။
အဲဒီလို မြို့ထဲကလူတွေ နှုတ်ဆက်တဲ့လူဟာ တော်တော်လူသိများတဲ့လူလို့ ပြောနိုင်တယ် မောင်မင်း။ ခုနေများ နောက်လိုက်နောက်ပါတွေကို ချန်ထားရစ်ပြီး မောင်မင်းနဲ့ ငါကိုယ်တော် နှစ်ယောက်တည်း မြို့ထဲကို ဝင်သွားရင် ဘယ်သူ့ကို လူတွေက ပိုပြီး နှုတ်ဆက်ပြုံးပြကြမယ် ထင်သလဲ"
ဘုရင်ကြီးရဲ့ စကားကို ကြားတဲ့အခါ ဟွန်ဂျာက တခဏမျှ စဉ်းစားတွေးတောတယ်။ အဲဒီနောက်တော့ သူဟာ ဂုဏ်ယူလှတဲ့အပြုံးနဲ့
"အရှင်မင်းကြီး၊ လူတွေဟာ ကျနော်မျိုးကိုသာ ပိုပြီး ပြုံးပြ နှုတ်ဆက်ကြမှာပါ" လို့ ပြောတယ်။ ဘုရင်ကြီးဟာ ဟွန်ဂျာရဲ့ အဖြေကိုကြားတဲ့အခါ ဘဝင်မကျဘဲ ဖြစ်နေပြန်တယ်။
"ဒင်းကများ ငါ့ထက် လူသိများရတယ်လို့" လို့ တွေးတောရင်း ဟွန်ဂျာရဲ့ စကားကို မခံချိမခံသာ ဖြစ်လာတယ်။ အဲဒါကြောင့် ဘုရင်ကြီးက ဒီလိုပြောတယ်။ "သိပ်လည်း အပြောမကြီးပါနဲ့လေ။ လက်တွေ့ သွားကြည့်ကြတာပေါ့"
ဘုရင်ကြီးဟာ နောက်လိုက် နောက်ပါ အခြွေအရံတွေ အားလုံးကို နေခဲ့စေပြီး ဟွန်ဂျာကို ခေါ်ဆောင်ကာ နှစ်ဦးတည်း မြို့ငယ်လေးထဲကို အရောက်လှမ်းခဲ့ကြတယ်။ အဲဒီလိုနဲ့ မြို့အဝင်ဝကို ရောက်လာတယ်။ မြို့ငယ်လေးဟာ သေးငယ်သလောက် အင်မတန် စည်ကားလှတဲ့ မြို့တမြို့ ဖြစ်ကြောင်းကို ဘုရင်ကြီး တွေ့ရပြန်တယ်။
အဲဒီလိုနဲ့ ဟွန်ဂျာနဲ့ ဘုရင်ကြီးဟာ မြို့လမ်းတွေတလျှောက် အချိန်အတန်ကြာအောင် လျှောက်လာခဲ့ကြတယ်။ အဲဒီလို အတန်ကြာ လျှောက်လာကြတဲ့အခါ ဘုရင်ကြီးအတွက် အင်မတန် အံ့သြစရာ အဖြစ်အပျက်တခုကို တွေ့လိုက်ရတယ်။
အဲဒါကတော့ ဘုရင်ကြီးတို့နဲ့ မျက်နှာချင်းဆိုင် လာသမျှသော လူတွေဟာ ဘုရင်ကြီးကိုကျော်ပြီး ဟွန်ဂျာကိုသာ ပြုံးပြနှုတ်ဆက်သွားကြလို့ပဲ ဖြစ်တယ်။
အဲဒီလိုနဲ့ အတန်ကြာတဲ့အထိ စောင့်ကြည်ပေမယ့်လည်း မြင်သမျှသော သူတွေဟာ ပညာရှိကြီးဟွန်ဂျာကိုသာ ပြုံးပြနှုတ်ဆက်ကြတာကိုသာ တွေ့ရပြန်တယ်။ နောက်ဆုံးတော့ ဘုရင်ကြီးက ပြောတယ်။
"ဟွန်ဂျာ လူတွေအကုန်လုံးက ငါကိုယ်တော်ကို ဂရုတောင်မထားပဲ မောင်မင်းကိုတော့ တလေးတစား ပြုံးပြနှုတ်ဆက် နေကြပါလား။ အဲဒါဘာကြာင့်လဲ မောင်မင်း"
အဲဒီလို ဘုရင်ကြီးရဲ့ စကားကို ကြားတဲ့အခါ ဟွန်ဂျာက "သူတို့က ကျနော်မျိုးကြီးကို ပြုံးပြရတဲ့ အကြောင်းရင်းကတော့ ကျနော်မျိုးကြီးက သူတို့ကို ပြုံးပြနေခဲ့တာကိုးဘုရာ့" လို့ ပြန်လျှောက်တယ်။
အဲဒီလို ဟွန်ဂျာရဲ့စကားကို ကြားတဲ့အခါ ဘုရင်ကြီးက ဟွန်ဂျာကို ပြူးကြီး ကြည့်လိုက်တယ်။ အဲဒီအခါမှာတော့ ဟွန်ဂျာက ဘုရင်ကြီးကို ပြုံးပြလိုက်ပါတော့တယ်။
ကျနော်တို့ ပိုင်ဆိုင်သမျှ အရာတွေထဲမှာ "အပြုံး" ဟာ ကုန်ကျစရိတ် အနည်းဆုံးနဲ့ တန်ဖိုးအကြီးဆုံးအရာပဲ ဖြစ်တယ်။ သူ့ကို အသုံးပြုဖို့အတွက် ကုန်ကျစရိတ် နည်းလှပေမယ့် သူ့ကို လက်ခံရရှိသူအဖို့ ဝယ်ယူလို့မရတဲ့ စိတ်ချမ်းမြေ့မှုတွေကို ရရှိစေမှာပဲဖြစ်တယ်။ အချိန်ကာလအားဖြင့်လည်း တခဏ အပြုံးဟာ တဘဝ အမှတ်ရစေနိုင်တဲ့ အစွမ်းလည်း ရှိပြန်တယ်။
အပြုံးတွေဟာ နေအိမ်တအိမ်ရဲ့ သာယာချမ်းမြေ့မှုကို ဖန်တီးပေးနိုင်သလို စီးပွားရေး လုပ်ငန်းတခုကို မြှင့်တင်ပေးနိုင်ပြန်တယ်။ မိတ်ဆွေအချင်းချင်းကြားက နားလည်မှု၊ အပြန်အလှန် လေးစားမှု သင်္ကေတလည်း ဖြစ်တယ်။ အပြုံးဟာ နွမ်းနယ်ပင်ပန်းသူတွေအတွက် ချွေးသိပ်ရာ အရိပ်လည်းဖြစ်သလို၊ စိတ်ပျက်အားငယ်သူတွေ အတွက်လည်း အားဆေးဖြစ်တယ်။
မှောင်မိုက်ဝမ်းနည်းဖွယ်ဘဝရဲ့ နေရောင်ဖြစ်သလို၊ ဘဝရဲ့ ဒုက္ခအဆိပ်ကို ပြေစေနိုင်တယ့် သဘာဝရဲ့ အဆိပ်ဖြေဆေးလို့လည်း ဆိုနိုင်တယ်။ ကျနော်တို့တွေဟာ အဲဒီလိုကုန်ကျ စရိတ်နည်းပါးစွာ အဖိုးထိုက်တန်တဲ့အပြုံးကို လိုလိုလားလားနဲ့ လူတိုင်းလူတိုင်းကို ဝေငှပေးသင့်လှတယ်။
ကျနော်တို့ဟာ ကိုယ်ပိုင်ဆိုင်တဲ့ အပြုံးလက်ဆောင်ကိုပေးတဲ့အခါ ဟွန်ဂျာကို အပြုံးနဲ့ တန်ပြန်တဲ့ မြို့သားတွေလို ကျနော်တို့ဟာလည်း အပြုံးလက်ဆောင်တွေကို တန်ပြန်ရရှိမှာပဲ ဖြစ်တယ်။ Argyi
0 Comments