တန်ဘိုးရှိဖို့ အဓိကပါ

တခါက မြစ်ဘေးက သစ်ပင်တပင်မှာ ငှက်သားအမိနှစ်ကောင် နေထိုင်ပါတယ်။ တနေ့တော့ ငှက်ငယ်ကလေးဟာ သစ်ပင်တပင်မှတပင် ကူးလူးပျံသန်းနေရင်း အတွေးတခု ပေါ်လာတာနဲ့ သူ့အမေကို မေးလိုက်ပါတယ်။

"မေမေရယ် သစ်ပင်တွေကလည်း အနိမ့်အမြင့် မတူကြဘူးနော်။ သားတို့ဘေးက ကောင်းပေ့၊ မြင့်ပေ့ဆိုတဲ့ သစ်ပင်ကိုလည်း ဟိုကျီးမည်း မိသားစုက ကြီးစိုးထားတယ်နော်။ အားငယ်လိုက်တာ မေမေရယ်" ဆိုပြီးတော့ပေါ့။

အဲဒါနဲ့ ငှက်မကြီးလည်း သူ့သားရဲ့ စကားကို သိပ်သဘောမတွေ့တာနဲ့ "လာ လိုက်ခဲ့" ဆိုပြီး ခပ်မြင့်မြင့်ကို ပျံတက်သွားပါတယ်။ ဒီလိုနဲ့ မြေပြင်နဲ့ ခပ်မြင့်မြင့်ကို ရောက်တဲ့အခါမှာတော့ သူ့သားကို အောက်ငုံ့ကြည့်ခိုင်း လိုက်တယ်။

ပြီးတော့ ငှက်မကြီးက "သားရေ၊ သစ်ပင်အားလုံးကို မြင်ရတဲ့ အမြင့်ကနေ ကြည့်လိုက်တော့ သူတို့ရဲ့ အမြင့်ဟာ အရေးပါသေးလား။ အရာအားလုံးဟာ မြေပြင်မှာပဲ ရှိနေကြတာပါ။

နောက် မေမေတို့နေတဲ့ သစ်ပင်တောင် ပိုကြီးနေသေးတယ်လေ သားရဲ့။ ကြည့်လိုက်ပါဦး အပွင့်အခက်တွေ ဝေဆာပြီး ပြန့်ကားတဲ့ အကိုင်းအခက်တွေနဲ့ တော်တော်လေး လှနေပါတယ် သားရယ်။

သစ်ပင်အနိမ့်အမြင့်ကို မေမေတို့ မပြင်နိုင်ကြဘူး။ ဒါပေမဲ့ မေမေတို့ အမြင်ပုံစံကို ပြင်ကြည့်လိုက်။ ဒီတခါ စိတ်သက်သာရာ ရလာတယ် မဟုတ်လား သား။ ဘဝမှာ မလိုလားအပ်တဲ့ အရာတွေကို မနှိုင်းယှဉ်နဲ့။

တခါတခါ သစ်ပင်မြင့်မှာ ရပ်နားမိလေလေ လေပိုတိုက် ခံရလေလေ ဖြစ်လိမ့်မယ်။ စိတ်မညစ်ပါနဲ့။ အပင်ဖျားတွေထက် ပိုမြင့်အောင် ပျံသန်းကြည့်လိုက်စမ်းပါ။ တိုက်လာတဲ့လေကိုပါ လေဟုန်စီးပစ်နိုင်တယ်ဆိုတာ တွေးရပါလိမ့်မယ်သား။

နောက် ကိုယ့်တဖက်သား အမြင်နဲ့ပဲ ဘယ်တော့မှ မဆုံးဖြတ်နဲ့သားရေ။ အားလုံးကို မြင်ရတဲ့ အမြင့်မှာ ပျံသန်းနိုင်အောင် ကြိုးစားပါ။ အပေါ်စီးကနေ ကြည့်နိုင်ဖို့ ကြိုးစားပါ။

အောက်မှာ ဘာမဟုတ်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့ အချိန်ကုန်နေကြတဲ့ သူတွေ၊ ကိုယ့်မှာရှိတဲ့အရာကို တန်ဖိုးမထား တခြားသူတွေရဲ့ အကြောင်းတွေ အရာတွေကိုသာ စိတ်ဝင်စား စိတ်အားငယ်နေသူတွေလည်း အများကြီး သား။

ဒါပေမဲ့ တောင်သူဦးကြီးတွေ ဘယ်သူ့ကို ချစ်ကြတယ်ထင်သလဲ။ မေမေတို့ကိုပေါ့ သား။ မေမေတို့လည်း သူတို့လို အဆင်းမွဲ၊ အဆင်းမည်းတာပဲ ဒါပေမဲ့ အမေတို့ ဥသြငှက်တွေက သူတို့ထက် အသံသာတယ်လေ။

ဒီလိုပဲသားရေ ကိုယ့်မှာ အားသာချက်တွေမှ အများကြီးပဲသား အဲ့ဒါကို သိအောင် ကြိုးစားပါ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ။ ဘဝဆိုတာ ယှဉ်ပြိုင်ဖို့မဟုတ်ဘူး။ ရင်ဆိုင်ဖို့ပဲ။

တခြားသူတွေရဲ့ ဘဝနဲ့ ခိုင်းနှိုင်းဖို့ မဟုတ်ဘူး။ အကျိုးရှိဖို့ တန်ဖိုးရှိဖို့နဲ့ ကိုယ်တိုင် တည်ဆောက်ယူဖို့ပါ ဘယ်တော့မှ မမေ့နဲ့သား"

သင့်ဘဝကို အမြဲတမ်း တန်ဖိုးထပ်ပေါင်းထည့်ဖို့ဟာ သင့်တာဝန်ပါ။ တပါးသူကြောင့် စိတ်ပျက်အားငယ်မှုတွေ သင့်ဘဝထဲကို ထပ်ပေါင်းထည့်နေဖို့ သင့်မှာ တာဝန်မရှိသလို အချိန်လည်းမရှိပါဘူး။ သတိပြုကြည့်လိုက်ပါ။ ကောင်းစံသာ (ရေကြည်)

Post a Comment

0 Comments