အားကျနေသော ဖားငယ်

တခါတုန်းက ဖားငယ်လေးတကောင်ဟာ ဘုန်းတော်ကြီး ကျောင်းနှင့် မနီးမဝေးမှာ နေပြီး ဘုန်ကြီးတွေ ဆွမ်းခံကြွပြီး ပြန်အလာ ဆွမ်းဘုန်းပေးတာကို ကြည့်ရင်း အတွေးတခု ဝင်လာတယ်။

"အင်း ငါသာ ဘုန်းကြီးဖြစ်ရင် သိပ်ကောင်းမှာပဲ။ အလုပ်ဆိုလို့ ထွေထွေထူးထူး လုပ်စရာ မလိုပဲ မိုးလင်း လမ်းလျှောက် ထွက်ရုံ မျှနဲ့ တဝမ်းစာကို ပူပင်စရာမလိုပဲ နေကြရတယ်" ဟု တွေးကာ အားကျနေမိတယ်။

ဆွမ်းဘုန်းပေးအပြီးမှာ ဘုန်ကြီးကျောင်းသားတွေကို မြင်ပြန်တော့ ကိုရွှေဖားက အတွေး ပြောင်းပြန်တယ်။ ဘုန်းကြီးတွေလို အစောကြီး ထစရာ မလိုပဲ အချိန်တန်လျှင် ထစားရတဲ့ ဘုန်းကြီးကျောင်းသားတွေကို အားကျနေ မိပြန်တယ်။

ဘုန်ကြီးကျောင်းသားများ စားမကုန်တဲ့ ထမင်းဟင်းတွေကို ကျောင်းစောင့်ခွေးများကို ကျွေးတာ မြင်တော့လည်း ရှေ့နည်းတူ ကိုရွှေဖားက ခုံတလုံးမှ သိမ်းစရာမလို ပန်းကန် တလုံးမှ ဆေးစရာမလိုပဲ စားနေရတဲ့ ခွေးတွေကို အားကျမိ ပြန်တယ်။

ခွေးများစားပြီး မကုန်တဲ့ အရိုးအကပ်တွေကို လာစားတဲ့ ယင်ကောင်တွေ မြင်မိတော့လည်း သူတို့တွေက ကျောင်းစောင့်ပြီး ဟောင်နေရတဲ့ ခွေးလောက်တောင် မပင်ပန်းပဲ စားရတဲ့ အဖြစ်ကို အားကျနေ ပြန်တယ်။

ထိုသို့ အားကျနေခိုက် အရိုးနားက ယင်တကောင် ဖားနားသို့ ပျံ၍ ဖြတ်သန်းမိရာ ဖားတို့ရဲ့ သဘာဝအတိုင်း လျှာထုတ်၍ ပစ်ဖမ်းပြီး စားမိကာမှ ကိုရွှေဖားလည်း အသိတရား ဝင်လာတယ်။

သူဆိုတာ ငါမဟုတ် ငါဆိုတာလည်း သူမဟုတ်၊ သူ့အလုပ်နဲ့ သူ သူ့နေရာနှင့်သူ သူဒုက္ခနဲ့သူ။ သူ့ကို အားကျနေသမျှ ငါလည်း အစာဝမည် မဟုတ်။

လူအများစုက ကိုယ့်အလုပ်ကိုယ် လုပ်ကြပေမယ့် ကိုယ့်ထက်သာ သူတွေကို အားကျမိတတ် ကြပါတယ်။ အဲဒီလို အားကျမှုတွေကြောင့်လည်း လုပ်သမျှ မအောင်မြင်ပဲ ဆုံးရှုံးတတ် ကြပါတယ်။

လူတဦးတယောက်စီမှာ အားကျစရာတွေ ရှိသလို စိတ်ပျက်စရာတွေ ကလည်း ကိုယ်စီနဲ့ပါ။ သူတပါး အားကျ၍ ကိုယ် ဝမ်းဝမည် မဟုတ်ပါ။

ကိုယ်လုပ်မှ ကိုယ်စား၊ ကိုယ်ရုန်းမှ ကိုယ်လွတ်မယ့် ဒုက္ခ၊ အခက်အခဲကြားမှာ ကိုယ့်ဘဝ ကိုယ့်စတိုင်နဲ့ မယိုင်မလဲ တပြိုင်တည်း မြဲမြဲလျှောက်နိုင်မှ သာလျှင် ကိုယ့်ဘဝက သာယာနိုင်မှာပါလေ။ crd

Post a Comment

0 Comments