တတ်တဲ့ပညာကို အကျိုးရှိအောင်သုံးပါ

ဟိုး ရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း စိုးစံစဉ်ကာလပေါ့။ ရွာငယ်တရွာမှာ ဂါထာမန္တရားအတတ်ကို ကျွမ်းကျင်တတ်မြောက်တဲ့ ဝေဒဗ္ဗပုဏ္ဏားတယောက် ရှိသတဲ့။

ဝေဒဗ္ဗဟာ ရွတ်ဆိုဖို့ အချိန်ကျရောက်တဲ့ ကာလမှာ မန္တရားကိုရွတ်ရင်း ရတနာခုနစ်ပါးပါတဲ့ မိုးရွာချလိုက်တာပေါ့။

ဘုရားလောင်းဟာ အဲဒီပုဏ္ဏားဆီမှာ တပည့်ခံပြီး ပညာသင်ယူနေသူ ဖြစ်တယ်။ တနေ့တော့ သူတို့ဆရာတပည့် ခရီးတခုကို ထွက်ခဲ့ရာ လမ်းမှာ ခိုးသားငါးရာပါတဲ့ ဓားပြအဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်။

ရတနာပစ္စည်းတွေနဲ့ လဲမှ အသက်ချမ်းသာပေးမယ်ဆိုလို့ တပည့်ဖြစ်သူ ဘုရားလောင်းက ရတနာတွေပေးဖို့ အိမ်ကို ပြန်ယူရသတဲ့။

တပည့်ဖြစ်သူ ဘုရားလောင်းဟာ ဆရာကို စိုးရိမ်စရာမရှိဖို့ တိုးတိုးမှာကြားခဲ့တယ်

"ဆရာ မကြောက်ပါနဲ့ တပည့်မကြာခင် ပြန်လာပြီး ဆရာ့ကို လွတ်အောင် လုပ်ပေးပါ့မယ်။ ကျွန်ုပ်စကားကိုတော့ မမေ့ပါနဲ့ ဆရာ။ ဒီနေ့ဟာ ဥစ္စာမိုးကို ရွာစေတတ်တဲ့ နက္ခတ်နဲ့ ယှဉ်လိမ့်မယ်။ ဒါပေမယ့် ဆရာမန္တရားကို မန်းမှုတ်ပြီး ဥစ္စာမိုးမရွာပါစေနဲ့။ အကယ်၍ ဥစ္စာမိုးရွာစေခဲ့သော် ဆရာ ဒုက္ခတွေ့ပါလိမ့်မယ်"

တပည့်ဖြစ်သူဟာ ဆရာ့ကို အရေးကြီး မှာစရာတွေကို မှာပြီး ဥစ္စာယူရန် ရွာသို့ အမြန်ပြန်ခဲ့တော့တယ်။ ညအချိန်ရောက်လို့ လထွက်လာတဲ့ အချိန်မှာ ပုဏ္ဏားဟာ နက္ခတ်ကို ကြည့်လိုက်တယ်။ ဥစ္စာမိုးရွာစေတဲ့ နက္ခတ်နှင့် ယှဉ်နေကြောင်း သိလိုက်တယ်။ ဒါကြောင့် ဓားပြလူဆိုးခေါင်းဆောင်ကို မေးလိုက်တယ်။

"သင်တို့ ငါ့ကို ဘာကြောင့် ဖမ်းထားကြသလဲ"

"သင့်ထံမှ ဥစ္စာပစ္စည်း လိုချင်လို့ ဖြစ်တယ်"

"ဒါဆိုရင် သင်တို့လိုတဲ့ ဥစ္စာရစေမယ်။ ငါ့ကို အနှောင်အဖွဲ့မှ လွှတ်ပေးကြ၊ ငါ ကိုယ်လက်သန့်စင်ပြီး ဥစ္စာရအောင် လုပ်ပေးမယ်"

လူဆိုးတွေက ပုဏ္ဏားရဲ့ ပြောစကားကို ယုံကြည်ပြီး မန္တရားရွတ်ဆိုဖို့ ပြင်ဆင်ကြတော့တယ်။ ပုဏ္ဏားဟာ နက္ခတ်ကို ကြည့်ပြီး ဂါထာမန္တရားကို ရွတ်ဆိုလိုက်တယ်။

မကြာမီမှာပဲ ကောင်းကင်က ရတနာတွေ ကျရောက်လာခဲ့တော့တယ်။ လူဆိုးတွေ အလုအယက် ရတနာတွေကို သိမ်းဆည်းကြတော့တာပေါ့။ လူဆိုးတွေဟာ ရတနာကို ယူပြီးတဲ့အပြင် ပုဏ္ဏားကိုပါ ဖမ်းဆီး ခေါ်ဆောင်သွားသတဲ့ကွယ်။

လူဆိုးတွေဟာ လမ်းခရီးကို ဆက်ခဲ့ရာမှာ သူတို့ထက် လူအင်အားများပြီး အင်အားတောင့်တင်းတဲ့ ဓားပြလူဆိုး အုပ်စုတစုနဲ့ ရင်ဆိုင် တွေ့လိုက်ရတယ်။ ဒုတိယ လူဆိုးအုပ်စုက ပထမ လူဆိုးအဖွဲ့နဲ့ ပုဏ္ဏားကို ဖမ်းဆီးချုပ်နှောင်လိုက်တယ်။

"ငါတို့ကို ဘာကြောင့် ဖမ်းသလဲ"

"သင်တို့ဆီမှ ဥစ္စာပစ္စည်းများစွာ လိုချင်လို့ပေါ့"

ပထမလူဆိုးအုပ်စုကို ဒုတိယလူဆိုးအုပ်စု ခေါင်းဆောင်က ဥစ္စာလိုကြောင်း ရှင်းပြလိုက်တယ်။ "ဥစ္စာလိုချင်တာဖြင့် ငါတို့ကို မဖမ်းပါနဲ့။ ဥစ္စာပစ္စည်းများရအောင် ဆောင်ရွက်နိုင်မည့် ပုဏ္ဏားကိုသာ ဖမ်းပါလေ"

ပထမလူဆိုးအုပ်စုမှ ပုဏ္ဏားရဲ့ ဂါထာအစွမ်းကြောင့် ရတနာဥစ္စာ ရတယ်လို့ ပြောပြီး၊ သူတို့က ပုဏ္ဏားအစွမ်းအစကို ပြောပြကြတယ်။ ဒုတိယလူဆိုးအုပ်စုက ပုဏ္ဏားကို ဖမ်းပြီး ရတနာရအောင် ဆောင်ရွက်ခိုင်းကြတယ်။

ဒါပေမယ့် ကောင်းကင်နက္ခတ်က ရတနာမိုး ရွာဖို့ အားမပေးတော့ဘူးလေ။ နက္ခတ်မယှဉ်တော့ ပုဏ္ဏားဟာ အစွမ်းမရှိ ရတနာမရ ဖြစ်နေပြီလေ။

ပုဏ္ဏားက နက္ခတ်မယှဉ်သေးလို့ ရတနာမိုး မရွာတာပါ။ နောက်တနှစ်ဆိုရင် နက္ခတ်ယှဉ်လာရင် ရတနာရအောင် လုပ်ပေးပါ့မယ်လို့ ပြောပေမယ့် ဒုတိယလူဆိုးအဖွဲ့က ပုဏ္ဏားကို လက်လွန် ပြီး သတ်ပစ်လိုက်တော့တယ်။

တဆက်တည်းမှာပဲ ပထမလူဆိုးအုပ်စုနဲ့ ဒုတိယလူဆိုးအုပ်စု ယှဉ်ပြိုင်တိုက်ပွဲ ဖြစ်ကြရတော့တယ်။ နောက်ဆုံး လူဆိုးအားလုံး သေဆုံးသွားကြတယ်။

အဲဒီအချိန်မှာ ပုဏ္ဏားရဲ့ တပည့်ရောက်လာတော့ ဆရာပုဏ္ဏားရဲ့ အလောင်းကိုသာ တွေ့ရပြီး သဂြိုဟ်လိုက်ရတော့တယ်။ ဆရာရဲ့ ရတနာတွေကိုသာ ထုပ်ပိုးပြီး ပြန်ယူခဲ့ရတော့တယ်။ ရွာအပြန် ဆရာ ကျန်ခဲ့ပြီပေါ့။

တကယ်တော့ အတတ်ကျွမ်းကျင်တဲ့ ပုဏ္ဏားပညာရှိဟာ တတ်ထားတဲ့ပညာကို အချိန်အခါကြည့်ပြီး အကျိုးရှိရာ မသုံးတဲ့အတွက် အသက်စွန့် ဒုက္ခရောက်ရပြီလေ။ သည်တော့တတ်ထားတဲ့ပညာ အကျိုးရှိရာမှာ သုံးကြရမယ်ဆိုတာ အသိအမြင်ရှိဖို့ လိုတာပေါ့လေ။ (ဝေဒဗ္ဗဇာတ်) phoomyatchal

Post a Comment

0 Comments