တန်ရာတန်ရာပဲရမယ်

မန္တလေးမှ ရန်ကုန်သို့ သွားသော ရထားပေါ်တွင် ဖြစ်သည်။ ရထားပေါ်မှာ ပါလာတဲ့ ခရီးသည်တဦးရဲ့ လက်ထဲမှာ ဟောင်းနွမ်းနေတဲ့ ၂၀၀ တန် အစုတ်လေး တရွက်။

သူက လာသမျှ ဈေးသည်တွေကို အဲဒီပိုက်ဆံလေးနဲ့ လိုက် ဝယ်နေတယ်။ ဒါပေမယ့် ဈေးသည် တော်တော်များများက "ဒီပိုက်ဆံလေး ပြန်လဲပေးပါဦး" ဆိုပြီး လဲခိုင်းတယ်။

ဒီတော့ သူစဉ်းစားနေတယ်။ "အင်း ဒီအတိုင်း ဝယ်နေလို့ကတော့ အဆင်ပြေမှာ မဟုတ်ဘူး။ ငါ နောက်ဘူတာကို ရောက်ရင် ရထားထွက်ခါနီးမှပဲ ဝယ်မယ်။ ဒီလိုဆိုရင်သူတို့ ပြန်လဲခိုင်းလို့ ရမှာမဟုတ်တော့ဘူး" သူ့အကြံနဲ့ သူကတော့ ဟုတ်လို့ပေါ့။

နောက်လာမဲ့ ဘူတာမှာလည်း ဈေးသည်တယောက်။ သူကတော့ ရောင်းလို့မကုန်တဲ့ ထမင်းသိုးတွေကို ရထားထွက်ခါနီးမှ အပြေးအလွှား လိုက်ရောင်းတာ။

ဘူတာကိုလဲရောက် ရထားပြန်ထွက်ခါနီး ဥသြလဲဆွဲရော ရထားဘီးတွေကလဲ တလိမ့်ချင်း လိမ့်စပြုလို့ ဒီတော့မှ ဈေးသည်က

"ထမင်းတွေရမယ် ထမင်းတွေရမယ် ပူပူနွေးနွေးလေးနော် တထုပ်မှ ၂၀၀ ပဲ၊ ယူကြဦးမလား"

နှစ်ရာတန်အစုတ် ကိုင်ထားတဲ့ ခရီးသည်ကလည်း

"လာဦးဗျို့ တထုပ်လောက်ပေးပါ"

"ဟုတ်ကဲ့ ရော့ရော့ ပိုက်ဆံ ချပေးလိုက်လေ"

"အေး အေး"

ခရီးသည်ကလည်း ပိုက်ဆံအစုတ်လေး ထွက်သွားပြီး ထမင်းထုပ်လေး ရလာတော့ သူ့ကိုသူ ဟုတ်လှပြီပေါ့။ ဈေးသည်ကလည်း ထမင်းသိုးတထုပ်က ပိုက်ဆံနှစ်ရာ ပေးတယ် ဆိုတော့ ဝမ်းသာလို့လေ။

ရထားပေါ်က ပစ်ချလိုက်လို့ လေထဲဝဲနေတဲ့ ပိုက်ဆံလေးကို အမိအရ ဖမ်းပြီးတော့မှ

"ဟင်"

ခရီးသည်ကလည်း ဈေးသည်ကို လှမ်းကြည့်။ သနားပါတယ် ဆိုတဲ့ သဘောပေါ့။ ပြီးတော့မှ ထမင်းစားမယ် ဆိုပြီး အိတ်ဖွင့် လိုက်တော့မှ

"ဟာ"

မိတ်ဆွေတို့ရေ ဒီ "ဟင်နဲ့ ဟာ" ကို အနှစ်ချုပ်ရင် "အစုတ်ပေးရင် အပုပ်ရတယ်၊ အပုပ်ပေးရင် အစုတ်ရတယ်" ဆိုတဲ့သဘောပါ။

စိတ်ထားလေးတွေ မကောင်းသရွေ့ အကျိုးပေးလည်း ညံ့တတ်တယ် ဆိုတာ သတိရစေချင်လို့ပါ။ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ Crd

Post a Comment

0 Comments