တခါက စကားအရာမှာ ကပ်သီးကပ်သတ် ပြောတတ်တဲ့ လှတောသား ရှိသတဲ့။ လှတောသားက စကားကပ်တော့ သူ့ရဲ့ ဆရာဖြစ်သူ ဆရာတော်က ဘယ်သွားသွား လှည်းကြုံ မတင်ချင်ဘူး။ တခါမှာတော့ စကား မများတော့ပါဘူး ဘုရား ဆိုတဲ့ ကတိနဲ့ လိုက်ခွင့်တော့ ပြုလိုက်သတဲ့။
လမ်းမှာ ဖွတ်တကောင် ဖြတ်ပြေးတာ တွေ့တော့ ဆရာတော်က "တွင်းအောင်း သတ္တဝါတွေများ ကျောရိုးတယ်ရှည်သကိုး" လို့ ပြောတာကို လှတောသားက "တွင်းအောင်း သတ္တဝါတိုင်း ကျောရိုး ရှည်ရမယ်ဆို ကဏန်းတွေဆို ရထားတွဲလို နေမှာဗျ" လို့ ကပ်သတဲ့။
ဆရာတော် မျက်စောင်း ထိုးတော့ လှတောသား ငြိမ်ပု သွားရော။ တနေရာ ရောက်တော့ ရေတိုက်စားလို့ ကမ်းပါး ပြိုနေတာကို မြင်တော့ "သံစောင်းထက် ရေစောင်းထက် ဆိုတာ အဲဒါပေါ့" လို ဆိုပြန်သတဲ့။
လှတောသား ပါးစပ် ပြင်လိုက် သေးတယ် နောက်မှ ပြန်ထိန်းပြီး နေလိုက်တယ်။ မနေလည်း နွားရိုက်တဲ့ ကြိမ်က သူ့ကျောကို ထိမှာကိုး။
လမ်းခုလတ်မှ လှည်းကိုရပ် ဆရာတော်ကိုလည်း ဆွမ်းကပ်ဖို့နဲ့ နွားတွေလည်း အနားပေးရင်း ဇရပ်တခုမှာ စခန်းချ ကြသတဲ့။ "ဟေ့ဒကာ မင်းလည်း အလကား မနေနဲ့။ သွား ရေနွေးတည်ဖို့ ထင်းရှာချေ" လို့ ဆိုတော့ ထွက်သွားတယ်။
လှတောသားက တော်တော်နဲ့ ပြန်မရောက်ဘူး။ ဆရာတော်က ဆွမ်းဘုဉ်းပြီးလို့ ရေနွေး သောက်ချင်နေပြီ။ လိုက်သွားကြည့်တော့မှ ထင်းတုံးကို ရေနဲ့ လောင်းနေတာ တွေ့ရတယ်။
မေးကြည့်တော့ "ဆရာတော်ပဲ သံစောင်းထက် ရေစောင်း ထက်ဆို။ အဲဒါကြောင့် ဓားနဲ့ မခွဲပဲ ရေနဲ့ ပက်ခွဲနေတာ" လို့ ဖြေတယ်။
ဆရာတော်လည်း သူ့စကားနဲ့သူ ဆိုတော့ အံကြိတ် နေရတယ်။ ရေနွေး မသောက်ရတော့ စိတ်က မကျေနပ်ဘူး။ ဒါနဲ့ သူ့ဒကာကပ်တဲ့ သင်္ဘောသီးလေး အချိုတည်းရင်းက "ပင်မှည့်သီးများ တယ်ချိုသကိုးကွယ့်" လို့ ရေရွတ်သတဲ့။
ဆရာတော် ဆွမ်းကျန်ကို ကပ္ပိယနဲ့ အတူ ဝါးနေတဲ့ လှတောသားက ကိုက်လက်စ ငရုပ်သီးမှည့်လေး ထောင်ပြ သတဲ့။ အဲဒီအခါမှာတော့ ဆရာတော် ဒေါသ ဒီကရီက ထိန်းလို့ မရတော့ဘူး။ နွားရိုက်တဲ့ ကြိမ် ပြေးဆွဲပြီး ကျောကော့အောင် ဆော်တော့တယ်။
ဒါတောင် လှတောသားက မမှတ်သေးပဲ "ရတနာ နှစ်ပါး ကယ်တော်မူပါ" လို့ အော်သတဲ့။ ဆရာတော်က "ရတနာ ဆိုတာ သုံးပါး ရှိတာဟ ကဲဟာ ကဲဟာ" နဲ့ ဆက်တီး ပါလေရော။
ထိုအခါ လှတောသားက "ရတနာ တပါးက ကိုယ့် ဆော်နေတာ ဘယ်လိုလုပ် ကယ်နိုင်မလဲဖျာ့" လို့ ပြန်လျှောက်သတဲ့။
0 Comments