ဇွဲသတ္တိကောင်းသောမင်းသား

ရှေးအခါကပေါ့ကွယ်။ ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း အုပ်စိုးစဉ်အခါကပေါ့။ ဗြဟ္မဒတ်မင်းရဲ့ မိဖုရားခေါင်ကြီးမှာ သားတော်တပါး ဖွားမြင်ခဲ့တယ်။ အဲဒီမင်းသားဟာ လက်နက်ငါးပါး ကျွမ်းကျင်တယ် ဆိုပြီး "ပဉ္စာဝုဓ" အမည် ပေးထားသတဲ့။

မင်းသား တဆယ့်ခြောက်နှစ် အရွယ်ရောက်တော့ မင်းသားတွေ ပညာသင်ရတဲ့ တက္ကသိုလ်ပြည် ဒီသာပါမောက္ခထံမှာပညာသင် သွားခဲ့ရတယ်။

ပညာတွေ တတ်မြောက်ပြီးတဲ့ အခါမှာ ဆရာကြီးက မင်းသားရဲ့ နာမည်နဲ့ လိုက်အောင် လက်နက်ငါးမျိုးကို ပေးအပ်လိုက်သတဲ့။

ပဉ္စဝုဓမင်းသားဟာ နေပြည်တော်ပြန်တဲ့ တောအုပ်လမ်းမှာ နာမည်ကြီးတဲ့ မွှေးစေးကပ်သော ဘီလူးရှိတဲ့ အရပ်ကို ဖြတ်ကျော်ရတော့မယ်ပေါ့။

မင်းသားက ရဲရဲဝင့်ဝင့် တောအုပ်အလယ်ကို ဖြတ်လာတော့ ဘီလူးအသံကို ကြားလိုက်ရတယ်။ "အိုလူသား ဘယ်ကိုသွားမလို့လဲ၊ ရပ်လော့။ ငါ့ အရပ်မှာ ဝင်လာတဲ့သူကို ငါစားခွင့် ရှိတယ်"

ပဉ္စဝုဓမင်းသားဟာ ကြောက်လန့်ခြင်း အလျဉ်းမရှိ ဘီလူးကို မြားနဲ့ ပစ်လိုက်တယ်။ မြားအားလုံးဟာ ဘီလူးကိုယ်က အမွှေးတွေမှာ ကပ်ငြိကုန်ကြသတဲ့။ ထို့နောက် မင်းသားက သန်လျက်နဲ့ ထိုးခုတ်ပြန်တယ်။ သန်လျင်က ဘီလူးကိုယ်က အမွေးတွေမှာ ကပ်နေပြန်ရော။

နောက်တော့ တင်းပုတ်နဲ့ ရိုက်ပြန်တယ်။ အရင်လိုပဲ ဘီလူးအမွှေးတွေမှာ ကပ်နေပြန်တာပေါ့။ မင်းသားဟာ စိတ်ဓာတ်မာကြောစွာနဲ့ ဆက်လက် ယှဉ်ပြိုင်ပြန်တယ်။ သူ့ရဲ့ လက်ယာလက်နဲ့ ဘီလူးကို ထိုးနှက်ပြန်တယ်။ လက်ယာလက် ဘီလူးကိုယ်မှာ ကပ်ငြိပြန်တယ်။

နောက်ထပ် လက်ဝဲလက်နဲ့ ထိုးနှက်ပြန်တော့လည်း ဘီလူးကိုယ်မှာ ကပ်နေပြန်ရော။ နောက် ဒူးနှစ်ဖက်၊ ဦးခေါင်းတို့နဲ့ ဆောင့်ပြန်ရာ ခြေ၊ လက်၊ ဦးခေါင်းတို့ ဘီလူးကိုယ်မှာ ငြိနေကြတာပေါ့။

ဘီလူးဟာ သည်မျှသတ္တိရှိ၊ ရဲတင်းသူကို မတွေ့ဖူးလို့ အံ့သြနေမိတယ်။

"အသင်မင်းသား၊ သင်သည် သေရမည်ကို ဘာကြောင့်မကြောက်သလဲ"

"ဘာကြောက်စရာလိုသလဲ ဘီလူး၊ သင့်ကိုယ်မှာ ငါ့လက်နက်တွေနဲ့ ခန္ဓာကိုယ် ကပ်ငြိနေပေမယ့် သင် ငါ့ကိုစား၍ မရပါ။

ငါ့ခန္ဓာကိုယ်ထဲမှာ ဝရဇိန်လက်နက် ရှိတယ်။ ငါ့ကို စားသူဟာ ဝရဇိန်လက်နက်ကို စားလို့ မရနိုင်၊ ဝရဇိန်လက်နက်ဆို တာ စားသုံးသူကို အူ၊ အသည်း၊ နှလုံးများ ပြတ်၍ ပျက်စီးနိုင်တယ်လေ။ ဒါကြောင့် ငါ့ကို စားသုံးသူသည် သူ့ကိုယ်တိုင်လည်း သေဆုံးရမှာဖြစ်လို့ ငါ့မှာ ကြောက်စိတ်မရှိပါ"

မင်းသားရဲ့ မာန်ပါပါ ပြောဆိုချက်နဲ့ သတ္တိရှိပုံကို ကြည့်ပြီး ဘီလူးဟာ မင်းသားကို မစားတော့ဘဲ ပြန်လွှတ်လိုက်သတဲ့။ မင်းသားက အဲသည်တော့မှ ဘီလူးကို တရားဟောကြား တော့တယ်။

ကံငါးပါး မစောင့်ထိန်းသူအဖို့ အပြစ်များရရှိမည် ဖြစ်ကြောင်း၊ အကျိုးတရား ရှိစေဖို့ ဘီလူးကို ငါးပါးသီလ စောင့်ထိန်းခိုင်းခဲ့တယ်။ ပဉ္စာဝုမင်းသားဟာ နေပြည်တော်ကို ရောက်ပြီး မကြာမီ ဖခမည်းတော် ကွယ်လွန်တဲ့အတွက် မင်းအဖြစ်ကို ရရှိသွားခဲ့တော့တယ်။

တကယ်တော့ ဇွဲသတ္တိနဲ့ ပညာဟာ အရာရာကို အောင်စေနိုင်တယ် ဆိုတဲ့ အခြေအနေကို အသိအမြင် ရစေတော့တာပေါ့။ ပဉ္စဝုဓဇာတ်။ ကြည်ဇော်၏ အာဇာနည်တို့စွမ်းရည် ပုံပြင်စာအုပ်မှ ရေးသားဖော်ပြခြင်း ဖြစ်သည်။ phoomyatchal

Post a Comment

0 Comments