သူ့နေရာနဲ့သူ မရှိရင်

တနေ့တွင် ပညာရှိကြီး ဝူကိုင်းအိုသည် ညနေစာ စားပြီးနောက် လမ်းထွက်လျှောက်သည်။ သူ့နောက်တွင် တပည့်တယောက် ပါလာသည်။ ထိုစဉ် လယ်သမားတယောက်က "ပညာရှိမင်း ဘယ်များကြွမည်နည်း" ဟု မေးလိုက်သည်။

သာမန်ဆင်းရဲသား လယ်သမားကို စကားမပြန်ချင်သောကြောင့် မကြားချင်ယောင်ဆောင်ကာ ဆက်လျှောက်သွားသည်။ တပည့်ကမေးသည်

"ဆရာသခင် လယ်သမား နှုတ်ဆက်နေသည်ကို အဘယ်ကြောင့် စကားမပြန်ရသနည်း"

"ငါသည် ဤသို့သော ပညာမဲ့ကို အရေးလုပ်ကာ စကားပြန်ပြော နေရမည်လော"

"ဆရာသခင် ဤသို့သော လယ်သမားက စိုက်ပျိုးထားသော စပါးတွေကို စားသောက်ကာ ကျွန်ုပ်တို့ နေထိုင်ကြရပါသည်"

"တိတ်လော့ ကိုယ့်အလုပ်ကိုယ် လုပ်ကြသည်ကို ငါသည် အရေးစိုက်ရမည်လော"

သူတို့သည် လမ်းဆက်လျှောက်လာကြရာတွင် စစ်သူကြီး ကျင်းလိသည် ခွေးတကောင်ကိုဆွဲပြီး လမ်းလျှောက် လာသည်နှင့် ပက်ပင်းတိုးတော့သည်။ ကျင်းလိ၏ ခွေးက ဆရာသခင်ကို တွေ့လျှင် ဟောင်သည်။

ကျင်းလိက "ဟဲ့ခွေး" ဟု ဟန့်သည်။ ဆရာသခင်က "အလို စစ်သူကြီးကျင်းလိ ဘယ်ကိုကြွမည်နည်း"

"အမတ်ကြီး ဖန်းရှုထံသို့ ဖြစ်သည်"

ထိုစဉ် ခွေးက ပညာရှိကြီးကို သေးနှင့်ပန်းသည် "အိုဗျာ အားနာလိုက်တာ" ဟု ကျင်းလိကဆိုသည်။ "ရပါတယ် စစ်သူကြီးရာ ခွေးပဲ ဘာနားလည်မှာလဲ။ အမတ်ကြီးကိုတွေ့လျှင် ကျွန်ုပ်အကြောင်း ပြောပေးပါ" "ကောင်းပါပြီ"

ဆရာ့နောက်ပါးက တိတ်ဆိတ်စွာ လိုက်လာသော တပည့်က "ဆရာသခင် ကျင်းလိကို အဘယ်ကြောင့် ကိုင်းညွတ်လုမတတ် ဖြစ်နေရသနည်း"

"ကျင်းလိသည် ငါ့ကို နန်းတော်တွင် နေရာတခု ရရန်အတွက် ကူညီနိုင်မည့်သူဖြစ်သည်" တပည့်က စိတ်ထဲတွင် မှတ်လိုက်သည် "ကိုယ့်နေရာ ကိုယ်မသိ ကိုယ့်အလုပ် ကိုယ်မလုပ်သူတွေမှာ မည်သူတွေဖြစ်သနည်း"

မကြာမီ ယာခင်းတခုဘေးရှိ သဖန်းပင်ကြီး တပင်အောက်ကို ရောက်လာသည်။ "တပည့် နားကြမည်" ဆရာက သဖန်းပင်ရိပ်တွင်ထိုင်ကာ ယာခင်းထဲရှိ ဖရဲသီးများကို ငေးကြည့်နေသည်။ ထို့နောက် ပါးစပ်က ပြောလိုက်သည်မှာ

"သဘာဝတရားကြီး သင်ကား မတရားပါ။ ကြီးမားသော ဖရဲသီးကြီးများကို အဘယ်ကြောင့် သေးငယ်သော နွယ်ပင်လေးများတွင် ရှင်သန်ခိုင်းရသနည်း။ တန်ဖိုးရှိသော ဖရဲသီးကြီးတွေက ယာခင်းမြေပြင်တွင် ရှင်သန်နေရသည်မှာ မတရားပါ။

အမှန်တကယ် ဆိုရလျှင် ဤသို့ ကြီးမားခိုင်ထွားသော ဖရဲသီးကြီးများသည် သဖန်းပင်ပေါ်တွင် မြင့်မားဝေဆာစွာသီးကာ ဖွံ့ဖြိုးရမည် မဟုတ်ပါလော။ သဖန်းပင်ပေါ်က နီနီရဲရဲ သဖန်းသီးတွေမှာ ယာခင်းထဲက နွယ်ပင်တွေနှင့်သာ သင့်တော်သည် မဟုတ်လော"

တပည့်ကဆိုသည် "ဆရာသခင်၊ ဆရာကျွန်ုပ်တို့ကို သင်ဖူးသည် မဟုတ်လော သဘာဝတရားကြီးသည် သူ့နေရာနှင့်သူ ရှိသင့် ရှိထိုက်သည်တို့အား နေရာချထားတတ်သည်ဟု ဆိုဖူးပါသည်။

အဘယ်ကြောင့် ဖရဲသီးကို သစ်ပင်ပေါ် တင်ချင်ပြီး၊ သဖန်းသီးကို မြေပင်တွင် နွယ်ပင်နှင့် ရှင်သန်စေချင်ရသနည်း။ သဘာဝတရားဆိုသည်မှာ ကိုယ်တိုင်က ပြောင်းချင်တိုင်း ပြောင်းနိုင်သည့် အရာလော"

"တပည့် အတွေးအခေါ်တို့ကို ပုံသေမမှတ်သင့် တခါတရံ ပြောင်းပြန်လှည့်တွေးကြည့်သင့်သည်" ဟုဆို၏။ ထိုစဉ် သဖန်းသီးတလုံးက ပညာရှိမင်း၏ ဦးခေါင်းတည့်တည့်ကို ပြုတ်ကျသည်။ "အလိုလေးဗျ" ပညာရှိမင်းက လန့်ပြီး အော်လိုက်သည်။

ထိုအဖြစ်အပျက်ကို ကောင်းစွာ မြင်တွေ့ရသော တပည့်က "ဆရာသခင် သဘာဝတရားကြီးသည် သူ့နေရာနှင့်သူ ရှိနေခြင်းကြောင့်သာ ဆရာသခင် အသက်ရှင်ရသည်။

အကယ်၍သာ ဖရဲသီးက သဖန်းပင်ပေါ် ရောက်လာလျှင် ဆရာသခင်သည် ယခုလောက်ဆိုလျှင် ဇက်ကျိုးကာ သေပေတော့မည်" ဆရာသခင်ဆိုသူသည် ဘာမျှ ပြန်မပြောနိုင်လောက်အောင် ဖြစ်သွားသည်။ (The Melon and The Professor ကို မြန်မာမှု ပြုပါသည်) တင်ညွန့်

Post a Comment

0 Comments