တခါတုန်းက ရွာလေးတရွာမှာ သစ်ခုတ်သမားတဦး ရှိခဲ့ပါတယ်။ သူဟာ နေ့တိုင်း တောထဲကိုသွားပြီး ထင်းတွေခုတ်လို့ အသက်မွေးဝမ်းကျောင်း ပြုတယ်။ တနေ့တော့ သစ်ခုတ်သမားဟာ တောထဲဝင်လာရင်း မျက်စိလည် လမ်းမှားလို့ အတွင်းပိုင်းကို ရောက်သွားခဲ့တယ်။
အဲဒီရောက်သွားရင်း သစ်ပင်တပင် အောက်မှာ ဒါဏ်ရာရပြီး ပြုတ်ကျနေတဲ့ ငှက်ကလေးတကောင်ကို တွေ့ခဲ့တယ်။ငှက်ကလေးဟာ တကိုယ်လုံး ငွေမင်ရောင် ဖြစ်နေတဲ့အပြင် တဖိတ်ဖိတ် တောက်ပနေတယ်။
ထင်းခုတ်သမားက "တသက်နဲ့တကိုယ် ဒီလိုလှပတဲ့ ငှက်မျိုးမတွေ့ဖူးဘူး။ အိမ်ကို ဆေး ကုဖို့ သယ်ပြီးမွေးထားရမယ်" လို့ တွေးပြီး ငှက်ကလေးကို အိမ်ကို ယူဆောင်လာခဲ့တယ်။
အိမ်ရောက်လို့ ငွေရောင်ငှက်ကလေးကို ဆေးကုသပေးနေတဲ့ အချိန်မှာ ငှက်ကလေးက နေ့စဉ် သစ်ခုတ်သမားကို သီချင်းဆိုပြပါတယ်။ သာယာနာပျော်ဖွယ် ကောင်းလွန်းလှတာကြောင့် သစ်ခုတ်သမားဟာ ပျော်ရွှင်ကြည်နူး နေခဲ့ရတယ်။
တနေ့တော့ သစ်ခုတ်သမားရဲ့ အိမ်နီးနားချင်းက ငွေရောင်ငှက်ကလေးကို မြင်တော့ ပြောတယ်။ "ဒီငွေရောင်ငှက်ထက် လှတဲ့ ရွှေရောင်ငှက်ကလေးကို တောနက်တနေရာမှာ တွေ့ဖူးပါတယ်။ အသံကလည်း ပိုချိုပြီး သာယာနာပျော်ဖွယ် ပိုကောင်းပါတယ်"
သစ်ခုတ်သမားဟာ အိမ်နီးနားချင်းရဲ့ ပြောတာကို ကြားပြီး ရွှေရောင်ငှက်ဆိုတာလည်း ရှိပါသေးလားလို့ တွေးမိလိုက်တယ်။ ဒီတော့ အဲဒီရွှေရောင်ငှက်ကလေးကို မြင်ချင်စိတ် ပြင်းပြလာခဲ့တယ်။
ငွေရောင်ငှက်ကလေး ဆိုပြတဲ့ သီချင်းသံတွေကိုလည်း အရင်လို နားမထောင် ဖြစ်တော့ပဲ ရွှေရောင်ငှက်ကလေးကို တမ်းတရင်းပဲ အချိန်ကုန်နေခဲ့ရတယ်။ နေ့တိုင်းလည်း မျက်နှာ မသာမယာနဲ့ မပျော်ရွှင်တော့ပါဘူး။
တနေ့တော့ ညနေခင်းအချိန်မို့ နေဝင်ဆည်းဆာအချိန်က လှပနေခဲ့တယ်။ သစ်ခုတ်သမားက "အင်း ရွှေရောင်ငှက်ကလေးသာဆို ဒီလိုနေဝင်ချိန် နေရောင်အောက်မှာ အရမ်းလှမှာပဲ" လို့ တွေးနေမိတယ်။
ထိုအချိန်မှာ ဒါဏ်ရာပျောက်ကင်းစ ပြုနေပြီဖြစ်တဲ့ ငွေရောင်ငှက်ကလေးက အိမ်ကနေ ထွက်ခွာဖို့ အတွက် သစ်ခုတ်သမားဆီ သွားပြီး နောက်ဆုံးအကြိမ်အဖြစ် သီချင်းဆိုပြခဲ့တယ်။
သီချင်းသံ ပြီးဆုံးသွားတဲ့အခါမှာ သစ်ခုတ်သမားက "ငွေရောင်ငှက်ကလေးရဲ့ အသံက ကောင်းပေမယ့် ရွှေရောင်ငှက်ကိုတော့ မီမှာမဟုတ်ပါဘူး။ အမွှေးအတောင်တွေက လှပေမယ့် ရွှေရောင်ငှက် လောက်တော့ လှမှာမဟုတ်ပါဘူး" လို့ ပြောလိုက်တယ်။
ငှက်ကလေးက ကျေးဇူးတင်တဲ့ အနေနဲ့ သစ်ခုတ်သမားကို ၃ ကြိမ် လှည့်ပါတ်ပျံသန်းပြီး နေဝင်တဲ့ အနောက်အရပ်ဆီ ပျံသန်းသွားပါတယ်။
ငွေရောင်ငှက်ကလေး ပျံသန်းတာကို ကြည့်နေရင်း သစ်ခုတ်သမားဟာ ရုတ်တရတ် သူ တသသ ဖြစ်နေရတဲ့ အိမ်မက်ထဲက ရွှေရောင်ငှက်ကလေး ဖြစ်နေတာကို အံ့သြစွာ တွေ့လိုက်ရတယ်။
သူအမြဲ တောင့်တနေရတဲ့ ရွှေရောင်ငှက်ကလေးဟာ သူ့ဘေးမှာ အစဉ်အမြဲ ရှိနေခဲ့တာကို သူမသိခဲ့ဘူး။ ငှက်ကလေးကတော့ အနောက်အရပ်ဆီ ပျံသန်း ပျောက်ကွယ်သွားခဲ့ပါပြီ။
တကယ်တော့ ငွေရောင်ငှက်ကလေးဟာ ဒါဏ်ရာ အနာတရ ဖြစ်နေချိန်မှာ အရောင်ဖျော့ပြီး ငွေရောင် ပြောင်းနေခြင်း ဖြစ်ပြီး နေပြန်ကောင်းလာတဲ့အခါ နေရောင်အောက် ထွက်လိုက်တဲ့အခါ မူလ ရွှေရောင်ငှက်ကလေးအဖြစ် ပြန်ပြောင်းသွားတာ ဖြစ်ပါတယ်။
ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာက တန်ဖိုးမရှိဘူး ထင်နေတာလား၊ ကိုယ်ရရှိထားတဲ့ ဘဝက အဖိုးမတန်ဘူး ထင်နေတာလား၊ ကိုယ့်အနားမှာရှိတဲ့ အဖိုးတန်တဲ့ အရာတွေဟာ တန်ဖိုးမရှိဘူးလို့ ထင်နေတာလား။
ဒါဆိုရင်တော့ သင်ဟာ သစ်ခုတ်သမားလို အတွေးမျိုး ဝင်နေတဲ့သူပါပဲ။ ကိုယ့်အနားမှာ ရှိနေတဲ့ အရာတခု အဝေးရောက်သွားမှ နှမျောတသ မဖြစ်ပါစေနဲ့။ ကိုယ့်အိမ်မက်ထဲက အရာက လက်တွေ့မှာထက် ပိုသာနေတယ်လို့လည်း မတွေးထင်ပါနဲ့။
တကယ်တော့ သစ်ခုတ်သမားလို အိမ်မက်ထဲကအရာက ဘေးမှာရှိနေတဲ့ အရာထက် ပိုသာတယ်လို့ ထင်ကောင်း ထင်နေပါလိမ့်မယ်။ ကိုယ့်အနားမှာရှိတဲ့ မိဘ ဆွေမျိုး၊ ချစ်သူ၊ လင်ယောက်ျား၊ မိန်းမ၊ မိတ်ဆွေကောင်းတို့ကို တန်ဖိုးထားပါ။
အမေကျော်ပြီး ဒွေးတော်လွမ်းတာဟာ အနားမှာ တန်ဖိုးရှိတဲ့ အရာကို သတိမထားမိပဲ ဆုံးရှုံးသွားမှ နောင်တရတတ်တာမျိုးပါ။ လူတိုင်းလူတိုင်း ကိုယ်ပိုင်ဆိုင်တဲ့ အနားမှာရှိတဲ့ အရာတွေကို တန်ဖိုးထားနိုင်ကြပါစေ။ သက်တန့်ချိူ
0 Comments