တခါတုန်းက တောထဲကို လမ်းလျှောက်လာတဲ့ ခရီးသွားတယောက်ဟာ ကျားတကောင်ရဲ့ နာနာကျင်ကျင် အော်ဟစ်သံကို ကြားလိုက်ရပါတယ်။
အော်သံဟာ သူလျှောက်လာတဲ့ လမ်းနဲ့ တဖြည်းဖြည်း နီးကပ်လာပြီး မကြာခင်မှာတော့ ကျားကြီးတကောင် ထောက်ချောက်ထဲ မိနေတာကို မြင်လိုက်ရ ပါတော့တယ်။
အဲဒီအခါမှာ ကျားက ခရီးသွားကို တောင်းပန်ပါတယ်။ "အသင်ခရီးသွား ငါ့ကို တချက်လောက် ထောင်ချောက်ထဲကနေ လွတ်အောင် ကူညီပေးပါလား။ မကြာခင်မှာ မုဆိုးရောက်လာပြီး ငါ့ကို သတ်လိမ့်မယ်၊ အဲဒါကြောင့် ငါ့ကိုကယ်ပါ" လို့ တောင်းဆိုတယ်။
ခရီးသွားဟာ အသက်တချောင်းကို ကယ်ချင်ပေမယ့် ကျား အစားခံရမှာကိုလည်း ကြောက်တာကြောင့် ကျားကြီးကို ကတိတောင်းပါတယ်။
"ကယ်တာက ကယ်လို့ရပါတယ်။ ဒါပေမယ့် မင်းကိုကယ်ပြီး လွတ်မြောက်တဲ့အခါ ငါ့ကို သတ်မစားပါဘူး၊ အန္တရာယ် မပေးပါဘူးလို့ ကတိပေးရင်တော့ ကယ်ပေးပါမယ်" လို့ ပြန်ပြောလိုက်ပါတယ်။
အဲဒီအခါ ကျားကြီးဟာ အလွယ်တကူပဲ ကတိပေးပါတယ်။ အဲဒါနဲ့ ခရီးသွားဟာလည်း ကျားကြီးကို ထောက်ချောက်ကနေ လွတ်အောင် ကူညီပေးပြီး ကယ်ဆယ်ပေးလိုက် ပါတော့တယ်။ ထောက်ချောက်ကနေ လွတ်သွားတဲ့ ကျားကြီးဟာ အားရဝမ်းသာ အော်ဟစ်လိုက်ပြီး ခရီးသွားကို ပြောလိုက်ပါတယ်။
"ဟယ် အသင်ခရီးသွား၊ သင့်ကို အရမ်း ကျေးဇူးတင်မိပါတယ်။ ငါ့မှာ ထောင်ချောက်ထဲ ၂ ရက်လောက် အမိခံနေရတဲ့အတွက် ဘာမှလည်း မစားရသေးလို့ အင်မတန် ဆာလောင်နေတာနဲ့ အတော်ပဲ။
သင့်ကို ကျေးဇူးတင်လက်စနဲ့ ငါ့ရဲ့ ဟာနေတဲ့ ဗိုက်ကိုပါ ဖြည့်ပေးလိုက်ပါ" ဆိုပြီး ကျေးဇူးကန်းတဲ့ ကျားကြီးဟာ ပေးထားတဲ့ ကတိကိုဖျက်ပြီး ခရီးသွားကို စားမလို လုပ်ပါတော့တယ်။
အဲဒီအခါ ခရီးသွားဟာလည်း "ဟုတ်ပြီ၊ အဲဒါဆို စားခွင့်ပေးရမှာပေါ့။ ဒါပေမယ့် ခဏလောက် စောင့်ပါအုံး။ နောက်ထပ် ခရီးသွားတယောက် လာတဲ့အထိ ခဏလေးစောင့်ပြီး သင်လုပ်တဲ့ အလုပ်က မှန်ကန်လား၊ တရားရဲ့လား ဆိုတာ ဆုံးဖြတ်ခိုင်းရအောင်။ ဒါလေးတော့ သဘောတူပေး လိုက်ပါ။ ငါက သင့်ကို အကုန် သဘောတူ ပေးထားတာပဲ" လို့ ပြန်ပြောလိုက် ပါတယ်။
အဲဒါနဲ့ပဲ ကျားကြီးဟာ ခဏပဲ စောင့်နိုင်မယ်လို့ ပြန်ပြောလိုက်ပါတယ်။ မကြာခင်မှာ မြေခွေးတကောင်ဟာ သူတို့ရှေ့ကနေ ဖြတ်သွားပါတယ်။ ခရီးသွားဟာလည်း မြေခွေးကို ခေါ်လိုက်ပြီး အကူအညီ တောင်းပါတယ်။
"အသင်မြေခွေးရေ ခဏလောက်၊ ငါတို့ ကိစ္စကို ဆုံးဖြတ်ပေး ပါအုံး။ ကိစ္စကတော့ ဒီလိုပါ" ဆိုပြီး ပြောပြလိုက် ပါတယ်။
အဲဒါနဲ့မြေခွေးဟာ အကျင့်မကောင်းတဲ့ ကျားကြီးကို ပညာပေးဖို့ စဉ်းစားလိုက်ပါတယ်။
"ဟုတ်ပြီလေ၊ အဲဒါဆိုရင် ဒီပြဿနာက အပြောနဲ့ချည်း ပြောလို့မဖြစ်ဘူး။ ငါ့ကို လက်တွေ့ပြတဲ့ အနေနဲ့ အသင်ကျားကြီးဟာ ဘယ်လိုမျိုး ထောက်ချောက်ထဲမှာ မိနေခဲ့သလဲ။ သက်သေပြပါအုံး။ အဲဒါမှပဲ အစကနေ ဖြစ်ရပ်ကို သုံးသပ်နိုင်မှာပေါ" လို့ မြေခွေးဟာ ခြင်္သေ့ကို ပြောလိုက်ပါတယ်။
အဲဒါနဲ့ ကျားကြီးဟာ ဒီလိုမျိုးပါပဲ" ဆိုပြီး ထောက်ချောက်ထဲကို ပြန်ဝင်ပြပြီး သူ့ခြေထောက်ကို ကျော့ကွင်းနဲ့ ပြန်စွပ်ပြလိုက် ပါတော့တယ်။ အဲဒီအခါကျတော့မှ မြေခွေးဟာ ကျားကြီးကို
"ကောင်းပြီလေ၊ အဲဒီလို ထောက်ချောက်မိခဲ့တယ် ဆိုရင်လည်း အဲဒီအတိုင်းသာ နေခဲ့ပေတော့ ကျားကြီးရေ။ ကျေးဇူးမသိတတ်တဲ့ သင့်အတွက် ထိုက်တန်တာက ဒီအရာပဲ။ ငါတို့တော့ သွားပြီ" လို့ ပြောပြီး ကျားကြီးကို ထောက်ချောက်ထဲမှာ ဒီအတိုင်း ပြန်ထားခဲ့လိုက် ပါတော့တယ်။
ပြောချင်တာက ဘဝမှာလည်း အဲဒီလို ကျေးဇူးမသိတတ်သူမျိုးကို ကြုံရပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလူတွေကို ဘာမှ လုပ်စရာမလိုဘဲ အချိန်တန် သူတို့စိတ်ဓာတ်က သူတို့ကို ပြန်အကျိုးပေးမှာပါပဲ။
သူတို့လို စိတ်ဓာတ် ရှိသူနဲ့သူတို့ ပြန်ကြုံရတဲ့အခါ သူတို့အတွက် ဝဋ်က အလိုလို ပြန်လည်လာ ပါလိမ့်မယ်။ Crd
0 Comments