တခါတုန်းက သားဖနှစ်ယောက် ကားတစီးနဲ့ ခရီးသွားကြသတဲ့။ သားက ကားကို မောင်းပြီး အဖေက ဘေးက ထိုင်လိုက်လာခဲ့ပါတယ်။
အဲ့ဒီလိုနဲ့ ကားမောင်းလာရင်း မထင်မှတ်ဘဲ ရာသီဥတုအခြေအနေ ပြောင်းလဲလာပြီး မုန်တိုင်းအရိပ်အယောင် တွေ့လာရပါသတဲ့။
ဒီတော့ သားဖြစ်သူက သူ့အဖေကို ပြောတယ်။ "အဖေ မုန်တိုင်းကျတော့မယ် ထင်တယ် ဘယ်လိုလုပ်ကြမလဲ ပြန်လှည့်မလား" လို့ ပြောတယ်။
အဖေဖြစ်သူက "ဆက်မောင်းငါ့သား ပြန်လှည့်လို့လည်း မုန်တိုင်းက လွတ်မယ်ထင်လို့လား။ ပြန်လှည့်လိုက်ရင် မုန်တိုင်းက မလွတ်တဲ့အပြင် ငါတို့ ရောက်ခဲ့ပြီးတဲ့ ခရီးပါ အလကား ဖြစ်သွားမယ် ဆက်သာမောင်း" လို့ ဆိုတယ်။
ဒီလိုနဲ့ မောင်းလာရင်း မုန်တိုင်းနဲ့ ရင်ဆိုင် တိုးပါလေရော။ သားဖြစ်သူက တထိတ်တလန့်လန့်နဲ့ ပြောပြန်တယ်။
"အဖေ အကာကွယ်ရမယ့် တနေရာရာမှာ ကားရပ်ပြီး နားမလား။ သူများကားတွေတောင် လမ်းဘေး ထိုးရပ်သွားကြကုန်ပြီ"
"မရပ်နဲ့ သား ဆက်မောင်း"
သားဖြစ်သူလည်း ဖခင်စကား နားထောင်ပြီး ကားကို သတိထား ဆက်မောင်းနေခဲ့ပါတယ်။ ကားရှေ့ကို ရောက်လာတဲ့ သစ်ကိုင်းသစ်ခက်တွေ ချုံနွယ်တွေကို သတိထားရှောင်တိမ်းရင်း ခက်ခက်ခဲခဲ မောင်းနှင်ခဲ့ပါတယ်။
ဒီလိုနဲ့ မောင်းလာရင်း မုန်တိုင်းက တဖြည်းဖြည်း ငြိမ်လာကာ မကြာခင်ပဲ ကောင်းကင်တခွင် ကြည်လင်ပြီး သာယာတဲ့ပတ်ဝန်းကျင်ကို မြင်တွေ့လိုက်ရတယ်။
ဒီတော့မှ ဖခင်က သားဖြစ်သူကို ကားရပ်ခိုင်းပြီး သားကို ပြောတယ်။ "သား နောက်ကို ပြန်လှည့်ကြည့်လိုက်စမ်း သားသာ မုန်တိုင်းနဲ့ တွေ့တဲ့အချိန်မှာ ရပ်နားခဲ့မယ် ဆိုရင် ခုချိန်ထိ မင်းမုန်တိုင်းထဲမှာရှိနေဦးမှာ။
ဒါပေမယ့် မုန်တိုင်းကို ရဲရဲရင်ဆိုင်ပြီး မရပ်မနား မောင်းနှင်လာခဲ့လို့ အခုလို သာယာတဲ့ လောကကြီးနဲ့ တွေ့ရတာပေါ့။
ဒီလိုပဲသား ဘဝမှာလည်း ဘယ်လို အခက်အခဲတွေနဲ့ ကြုံလာပါစေ ဘယ်တော့မှ မင်းရဲ့ ကြိုးစားအားထုတ်မှုကို မရပ်လိုက်ပါနဲ့။ ဘယ်လို အခက်အခဲနဲ့ပဲ တွေ့တွေ့ ရဲရဲရင်ဆိုင် ကျော်လွှားသွားပါ။
အဲဒီလိုသာ ရင်ဆိုင်လိုက်မယ်ဆိုရင် အခက်အခဲ ပြဿနာတွေဆိုတာလည်း မမြဲပါဘူး။ သာယာလှပတဲ့ အခြေအနေတွေနဲ့ မကြာခင် တွေ့ရပါလိမ့်မယ်။
ဒီလိုမဟုတ်ဘဲ အခက်အခဲတခု ကြုံလာတာနဲ့ မင်းရဲ့ ကြိုးစားအားထုတ်မှုကို ရပ်တန့်လိုက်မယ် ဆိုရင်တော့ မုန်တိုင်းထဲမှာ တဝဲဝဲ လည်နေမှာပါပဲ" phoomyatchal
0 Comments