တခါက ရွာတရွာရဲ့ အစွန်အဖျားမှာ နေတဲ့ ဆင်းရဲတဲ့ လူတယောက် ရှိတယ်။ သူဟာ တောထဲက ထင်းခြောက်တွေကောက်ပြီး ခပ်လှမ်းလှမ်းက ဈေးတခုမှာ ရောင်းချခြင်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုပါတယ်။
သူ့မှာ အရမ်းအသုံးဝင်တဲ့ ထင်းသယ် မြည်းကလေးတကောင်လည်း ရှိတယ်။ ထင်းကောက်သမားဟာ သူကောက်လို့ ရသမျှ ထင်းခြောက်တွေကို ဒီမြည်းကလေးပေါ်တင် ဈေးအထိ သွားပြီး ရောင်းချရလေ့ ရှိတယ်။
တနေ့တော့ သူဆင်းရဲလေးဟာ ထင်းခြောက်များများရဖို့ တောနက်ထဲအထိ သွားကောက်ရာကနေ လမ်းပျောက်ပါတော့တယ်။ မြည်းကလေးနဲ့အတူ လမ်းပျောက်ရှာရင်းနဲ့ ညနေသာ စောင်းလာတယ် လမ်းက မတွေ့ပါဘူး။
နောက်ဆုံးမှာ ရသေ့ကြီးတပါး သီတင်းသုံးတဲ့ တဲလေးတလုံး တွေ့တော့ ညအိပ်ခွင့် တောင်းပြီး တဲနဲ့ ခပ်လှမ်းလှမ်းက သစ်ပင်အောက်မှာ နေရာချတယ်။ အိပ်ဖို့ ပြင်နေရင်းနဲ့မှ သူ့မြည်းကလေးကို ချည်ဖို့ ကြိုးပါမလာခဲ့ဘူး ဆိုတာ သတိရတာ့တယ်။
အဲဒါနဲ့ ရသေ့ကြီးဆီ ကြိုးရှိပါက တညတာ ငှားရန် လျှောက်ထားတဲ့ အခါ ရသေ့ကြီးက "ရသေ့ကြီးဆီမှာ ကြိုးဆိုတာ မရှိသလို ဘယ်အရာကိုမဆို ကြိုးနဲ့ ချည်တတ်တဲ့အကျင့် မရှိပါဘူး ဒကာကြီး။ ဒကာကြီး ကြည့်ရတာ ခါတိုင်းလည်း ဒီမြည်းကလေးကို သစ်ပင်မှာ ကြိုးချည်ပြီး အိပ်တယ်နဲ့ တူတယ်"
"အမှန်ပါပဲ ရသေ့ကြီး" လို့ ထင်းကောက်သမားက ရိုသေစွာ ပြန်ဖြေတယ်။ ရသေ့ကြီးက "ဒါဆိုလည်း ခါတိုင်းလိုပဲ သစ်ပင်မှာ ကြိုးချည်တဲ့ ဟန်ပြပြီး အိပ်လိုက်ပေါ့။ ရသေ့ကြီးတော့ ဒီမြည်းကလေး လျှောက်သွားလိမ့်မယ်လို့ မမြင်မိဘူး" လို့ ပြောတယ်။
အဲဒါနဲ့ ထင်းကောက်သမားလည်း ရသေ့ကြီး ပြောတဲ့အတိုင်း မြည်းကလေးကို သစ်ပင်မှာ ကြိုးချည်ဟန်ပြုပြီး အိပ်ယာဝင်ခဲ့တယ်။
ရသေ့ကြီးဟာ သူ့တန်ခိုးနဲ့ မြည်းကလေး မပြေးနိုင်အောင် လုပ်ပေးထားတယ်လို့ တွေးထင်ပြီး ထင်းကောက်သမားလေးဟာ စိတ်ချလက်ချ အိပ်ပျော်သွားတော့တယ်။
မနက်ခင်း နိုးလာလို့ ကြည့်လိုက်တော့ သူ့မြည်းကလေးကို ညက သူထားခဲ့တဲ့ အတိုင်း သစ်ပင်အောက်မှာ တွေ့ရတယ်။ ထင်းကောက်သမားဟာ ရသေ့ကြီးကို နှုတ်ဆက်ကာ လမ်းရှာပြီး ခရီးဆက်မယ် ပြင်တဲ့အခါ မြည်းကလေးဟာ ညက ထားခဲ့တဲ့ နေရာကနေ မရွေ့တော့ဘူး။ ထင်းကောက်သမား ဘယ်လို ကြိုးစားခေါ်ခေါ် မရဘူး။
အဲဒါနဲ့ ထင်းကောက်သမားဟာ ရသေ့ကြီးဆီ ပြေးသွားပြီး ဖြစ်ကြောင်းကုန်စင် လျှောက်တင်တဲ့အခါ ရသေ့ကြီးက အကြောင်းစုံကို သိတဲ့ ပုံစံနဲ့ ပြုံးပြီး ပြောလိုက်တယ်။
"ဒကာကြီး သစ်ပင်က ကြိုးကို မဖြည်ဘူးလား။ မဖြည်ဘဲနဲ့တော့ ဘယ်သွားလို့ ရပါ့မလဲ ဒကာကြီးရယ်" လို့ ပြောတယ်။
ထင်းကောက်သမားက "တပည့်တော်မှ ကြိုးတကယ် မချည်ထားပဲ" လို့ ပြောလိုက်တယ်။ ရသေ့ကြီးက "အော် ဖြစ်ရလေ ဒကာကြီး၊ မြည်းကလေးက သူ့ကို ကြိုးနဲ့ တကယ်ချည်ထားတယ် လို့ပဲ ထင်နေတာ။ ညကအတိုင်းပဲ သစ်ပင်က ကြိုးကို ဖြည်တဲ့ပုံ လုပ်ပြီး ပြန်ခေါ်လိုက်ရင် လိုက်လာမှာပါ"
ထိုအခါ ထင်းကောက်သမားလည်း ရသေ့ကြီး ပြောတဲ့အတိုင်း ကြိုးဖြည်ဟန် ပြုလုပ်လိုက်ရာ မြည်းကလေးမှာ ရွေ့လျားလာပြီး သူဆွဲတဲ့ နောက်ကို လိုက်ပါကာ အတူ ခရီးဆက်ခဲ့ကြ ပါတော့တယ်။
တကယ်တော့ ကျနော်တို့ကို ဘယ်သူကမှ ဘယ်ကြိုးတွေနဲ့မှ ချည်ထားတာ မဟုတ်ပါဘူး။ ကျနော်တို့ ကိုယ်တိုင် ကျေကျေနပ်နပ် ချည်ထားတဲ့ ကြိုးမဟုတ်တဲ့ ကြိုးတွေပဲ ရှိပါတယ်။ ဒီကြိုးတွေကို ဘယ်သူမှ ဖြည်ပေးလို့ မရနိုင်ပါဘူး။ ကျနော်တို့ ကိုယ်တိုင် ဖြည်မှပဲ ရပါလိမ့်မယ်။ Crd
0 Comments