ရှေးရှေးတုန်းက သမင်တွေနေတဲ့ တောအုပ်လေးတခုမှာ အုပ်ချုပ်တဲ့ ရွှေသမင်ကြီး တကောင်ရှိတယ်။ သမင်မတွေနဲ့ သမင်ကလေးတွေကို လာဖမ်းဆီး သတ်ဖြတ် စားသောက်နေတဲ့ မြေခွေးတကောင်နဲ့ ကျားကြီးလည်း ရှိတယ်။
သမင်မတွေက ကိုယ်ဝန်လွယ်နေတဲ့ အချိန်မှာ မြေခွေးက တနေ့ တကောင်နှုန်းနဲ့ လာလာသတ်စားတယ်။ သမင်ထီးတွေ ကတော့ ပြေးအား အရမ်းသန်တဲ့ အတွက် မြေခွေးက မလိုက်နိုင်ဘူး။ ကျားကတော့ တပါတ်မှ တခါ၊ တခါတလေ ဆယ်ရက်မှ တခါ လာစားတယ်။
မြေခွေးက နေ့တိုင်း လာသတ်စားနေတော့ ကြာလာတဲ့အခါ သမင်မတွေနဲ့ သမင်လေးတွေ ကုန်သလောက် ရှိလောက်ပြီပေါ့။ အဲဒါနဲ့ ကျန်တဲ့ သမင်မတွေက ဒီတောအုပ်မှာ မနေရဲကြတော့ဘူး။
သမင် သားပေါက်လာရင် မြေခွေးကြီးရဲ့ လက်ချက်နဲ့ အသတ်ခံရမယ်။ ကျားကြီးကလည်း ရှိတော့ တခြားတောကို ပြောင်းချင်ကြတယ်။
အဲ့ဒီလိုနဲ့ ရွှေသမင်ကြီးကို လာပြောကြတယ်။ ရွှေသမင်ကြီးလည်း အခက်ခဲကို ဖြေရှင်းပေးမယ်လို့ ကတိပေးလိုက်ပြီး ပြန်ခိုင်းလိုက်ပါတယ်။
သမင်တွေကို အုပ်ချုပ်နေတဲ့ ရွှေသမင်မင်းလည်း မြေခွေးရန်က ဘယ်လိုလွတ်အောင် လုပ်မလဲ ဆိုတာ စဉ်းစားရ ခက်နေတယ်။ အဲဒီအချိန် ရွှေသမင်ကြီးရဲ့ မိဘုရား ရွှေသမင်မက "စိတ်မပူပါနဲ့ ကျမ ကြံပေးပါ့မယ်" လို့ ဆိုတယ်။
ဒီလိုနဲ့ တရက်မှာတော့ ရွှေသမင်မက ကျားနားသွားပြီး "အသင်ကျား ကျွန်တော်မျိုးမတို့ကို ကယ်ပါ။ အသင်ကျားပဲ ကယ်နိုင်ပါတယ်" လို့ ပြောတယ်။ ကျားက ဘာအတွက်ပါလဲ လို့ ပြန်မေးတယ်။ ရွှေသမင်မက
"ကျွန်တော်မျိုးမမှာ ကိုယ်ဝန် လွယ်ထား ရပါတယ်။ မြေခွေးက တရက်တကောင်ကျ လာသတ်စား နေပါတယ်။ အဲဒီအတွက် သမင်မျိုး သုန်းတော့မှာမို့ သမင်တွေ မရှိရင် သင့်အတွက် ဆယ်ရက်ကိုတကောင် ဘယ်မှာ ရပါ့တော့မလဲ"
အဲဒီအခါ ကျားကလည်း "ဟုတ်သားပဲ။ မြေခွေးယုတ်ကို ကျနော် ရှင်းပေးမယ်။ ဒါပေမဲ့ ရွှေသမင်မက ကတိတခု ပေးရမယ်။ ဆယ်ရက်ကို မဟုတ်ဘူး၊ တလ တခါ သမင်တကောင် ပို့ပေးရမယ်" ရွှေသမင်မလည်း တလတကောင် ဆိုရင် မဆိုးပါဘူး လို့ တွေးပြီး တလတကောင် လာပို့ ပေးပါ့မယ်လို့ ကတိပေးလိုက်တယ်။
ကျားကလည်း မြေခွေးကို သတ်စားလိုက်တယ်။ မြေခွေးအသားက အရမ်း ချိုနေတာကို သိသွားတော့ မြေခွေးမနဲ့ သူ့ကလေးတွေကိုပါ သတ်စားလိုက်တယ်။ အဲ့ဒါနဲ့ အဲဒီတောထဲမှာ မြေခွေးမျိုးဆက် ပြုတ်သွားပါတော့တယ်။
ဒီလိုနဲ့ တလပြည်တဲ့အခါ ရွှေသမင်မက သူ့ခင်ပွန်းကို ကြည့်ပြီး မျက်ရည်ကျလာတယ်။ ရွှေသမင်မင်းလည်း ဘာအတွက် မျက်ရည်ကျသလဲ လို့ မေးတဲ့အခါ "အသင့်ကို ချစ်လွန်းလို့ မျက်ရည်ကျရပါတယ်" လို့ ပြန်ဖြေတယ်။
ပြီးတော့ သစ္စာဆိုတယ် "ကျမ သည် ရွှေသမင်မင်းပေါ် သစ္စာ မဖောက်ပြန်ခဲ့ပါ။ ဤစကားသည် မှန်ကန်ပါသည်။ ဤသစ္စာ စကား ကြောင့် ကျွန်တော်မျိုးမရဲ့ ခင်ပွန်းသည် ဘေးရန်ကင်းပါစေ"
သစ္စာ ဆိုပြီးတော့ ရွှေသမင်မင်းကို နှုတ်ဆက်ပြီး ကျားအစား သွားခံတယ်။ "အသင်ကျား ကျွန်တော်မျိုးမကိုသာ စားပါ" လို့ သွားပြီး ပြောတယ်။ အဲဒီအခါ ကျားကြီးက ကတိတည်တဲ့ ရွှေသမင်မကို ကြည့်ပြီး သဘောကျသွားတယ်။ ကတိတည်တဲ့ ရွှေသမင်မကို မသတ်စား ရက်ဘူး။ အဲဒီတော့ ကျားက "သင်ကိုယ်ဝန်နဲ့ မဟုတ်လား၊ ဘာ့ကြောင့် လာအစားခံတာလဲ" လို့ မေးတယ်။
ရွှေသမင်မကလည်း "ဟုတ်ပါတယ် ကျွန်တော်မျိုးမမှာ ကိုယ်ဝန်နဲ့ပါ။ ကျွန်တော်မျိုးမ ကတော့ တကောင်ထဲပါပဲ။ ကိုယ်ဝန်ကောပါမှ နှစ်ကောင်ပေါ့။ ခင်ပွန်းဖြစ်သူ ရွှေသမင်မင်းက တခြား သမင်မတွေနဲ့ မျိုးဆက်ကို ပျံ့ပွားအောင် လုပ်ဆောင်နိုင်ခြေ များတဲ့အတွက် ကျွန်တော်မျိုးမက သူ့ကို ဘာမှမပြောပဲ လာအစားခံတာပါ"
အဲဒီလို ပြောလိုက်တဲ့အခါ ကျားကြီးက သမင်မရဲ့ စွန့်လွှတ် အနစ်နာခံတဲ့ စိတ်ကို ချီးကျူးပြီး သမင်မကို ပိုပြီး မစားရက် တော့ဘူး။ အဲဒါနဲ့ "ဒီနေ့က စပြီး သမင်သားကို လုံးဝ မစားတော့ပါဘူး" လို့ ကတိပေး လိုက်ပါတယ်။
ရွှေသမင်မကိုလည်း ပြန်လွတ် ပေးလိုက်ပါတယ်။ ရွှေသမင်မလည်း ခင်ပွန်းဖြစ်သူ ရွှေသမင်မင်းထံ ပျော်ရွှင်စွာ ပြန်သွားပြီး သမင်မတွေ အားလုံးကို ခေါ်ပြီး သမင်ကလေးတွေကို ဘယ်လို ပြုစုရမယ်၊ ဘယ်လို စိတ်ဓါတ်တွေ သင် ကြားရမယ်ဆိုတာ သင်ပြပေးရင်း မွေးလာမဲ့ ရွှေသမင်လေးကို စောင့်မျှော်လို့ ပျော်ရွှင်စွာ နေထိုင်သွားကြ ပါတော့တယ်။ Nan chit su win
0 Comments