တခါက တနှစ်မှာ ၁၀ လလောက် ရေခဲနေတတ်တဲ့ တောမကျ မြို့မကျ ရွာလေးတရွာမှာပေါ့။ ဆောင်းတွင်း ရောက်လာတယ်။ နှင်းတွေကလည်း ကျလိုက်တာ။ ရေခဲမှတ်အောက်ကို အနှုတ် ၃၀ ဒီဂရီလောက် ရောက်နေပြီ။
ဒီနေရာလေးဟာ သုံးနှစ်ကို တကြိမ်လောက် နှင်းမုန်တိုင်းတွေ ကျတတ်တယ်။ နှင်းမုန်တိုင်းတွေ ကျပြီ ဆိုရင် ရေခဲတောင်တွေ ပြိုတယ်။ အိုးအိမ်တွေ ပျက်စီးတယ်။
ဒါကြောင့် ဒီဒေသက လူတွေဟာ နှင်းမုန်တိုင်း ကျပြီဆိုရင် သူတို့ဝတ်နေကျ လောင်းကုတ်အင်္ကျီ အရှည်ကြီးကို ဝတ်တတ်ကြတယ်။ အဲ့ဒီ အင်္ကျီအရှည်ကြီးထဲမှာ ထင်းရှူးဆီ အခဲတခုရယ်၊ မီးခြစ်တလုံးရယ်၊ ထင်း သုံးလေး ငါးချောင်းရယ်၊ အသားခြောက် ၅၀ ကျပ်သား လောက်ရယ် ထည့်ပြီး နီးစပ်ရာ တောထဲက ဂူတွေထဲမှာ နှင်းမုန်တိုင်း ခိုကြရတယ်။
ဒီလိုနဲ့ ဆောင်းတညမှာ နှင်းမုန်တိုင်းတွေ ရုတ်ချည်းဆိုသလို ကျလာပါတော့တယ်။ အဲ့ဒီ ရွာကလေးထဲက လူတွေဟာ နီးစပ်ရာ ကျောက်ဂူတွေဆီကို ပြေးကြတယ်။ မုန်တိုင်း ခိုကြတယ်။
လူ ၆ ယောက်။ မှောင်မည်းနေတဲ့ ကျောက်ဂူကြီး တခုထဲကို ရောက်သွားကြတယ်။ လူတယောက်ဟာ ကိုယ့်ဆီမှာပါတဲ့ မီးခြစ်နဲ့ ထင်းရှူးဆီကို သုံးပြီး မီးဖိုလိုက်တယ်။ အသားခြောက်ကို ကင်လိုက်တယ်။ မီးဖိုရဲ့ဘေးမှာ အသားခြောက်ကိုစားပြီး လောင်းကုတ်ကြီးကို ခေါင်းမှာခြုံလို့ အိပ်ငိုက်နေ ပါတော့တယ်။
အဲ့ဒီလူ ဖိုထားတဲ့ မီးပုံလည်း မြင်ရော ကျန်တဲ့လူတွေဟာ တယောက်ပြီး တယောက် မီးရောင်ရှိရာကို ရောက်လာကြတယ်။ ထင်းတွေ ထည့်လိုက်တယ်။ အသားခြောက်ကို ကင်လိုက်တယ်။ စားကြတယ်။ ပြီးတော့ မီးဖိုဘေးမှာပဲ အိပ်ငိုက်နေကြတယ်။
နှင်းမုန်တိုင်းဒဏ်က လွတ်အောင် ပြေးလာကြတာ ဆိုတော့ တယောက်ကိုတယောက် မကြည့်အားကြဘူး။ မောမောပန်းပန်းနဲ့ မီးဖိုထဲကို ထင်းတချောင်းစီ ထည့်ပြီး နှင်းမုန်တိုင်း အစဲကို စောင့်နေကြတယ်။ ဆောင်းကလည်း အေးလိုက်တာ။ အရိုးကွဲမတတ် အပြင်မှာလည်း မုန်တိုင်းသံတွေ ဆူညံလို့။
ထင်းထည့်ထားတဲ့ မီးဖိုဟာ တဖြည်းဖြည်းနဲ့ မီးအား နည်းလာတယ်။ မီးညွန့်ကလေးဟာ တုန်တုန်ယင်ယင်နဲ့ အားပျော့သွားတယ်။ မီးဖိုထဲကို ထင်းထပ်ထည့်ဖို့ လိုလာပြီ။ သိပ်အေးတော့ လူတယောက်က နှိုးလာတယ်။ လောင်းကုတ်အင်္ကျီ အရှည်ကြီးထဲကို နှိုက်လိုက်တယ်။ ထင်းတချောင်း ထည့်တော့မယ်ပေါ့။
အဲ့ဒီအချိန်မှာ သူနဲ့ မျက်နှာချင်းဆိုင် လူတယောက်ကလည်း သူ့လိုပဲ သိပ်အေးတော့ နိုးလာတာပေါ့။ မီးဖိုရဲ့မီးရောင်ပျပျ အောက်မှာ တယောက်မျက်နှာကို တယောက် မြင်လိုက်ရတယ်။ အဲဒီတယောက်က သူတို့ရွာမှာ လူတိုင်းကို ငွေတိုးချေးစားတဲ့ စီးပွားရေးသမား ပိုက်ဆံရှိ သူဌေး။
မြင်တဲ့ တယောက်က သူ့အိမ်မှာ မြေပေါင်အိမ်ပေါင်ပြီး မြေဆုံး အိမ်ဆုံး ထားတဲ့လူ။ ငွေမရှိတဲ့သူ ဆင်းရဲသား။ ငွေတိုးချေးစားတဲ့ စီးပွားရေးသမားက စိတ်ထဲမှာ ဒီလိုတွေးလိုက်တယ်။
"ဟင်း ဒီဆင်းရဲသား အစုတ်ပလုတ်နဲ့ ဒီမီးဖိုဘေးမှာ အတူလာပြီး နေရတယ်လို့ကွာ။ တောက် ငါ့နှယ်။ ဒီကောင့်မျက်နှာ ကြည့်ရတာ ကျက်သရေ ယုတ်လိုက်တာ။ တော်ပြီ ငါ့ထဲက ထင်းကို မီးဖိုထဲ မထည့်ဘူး။ ငါ့ထင်းထည့်ရင် ဒီကောင်နွေးထွေး သွားမှာ။ တော်ပြီ ထင်းမထည့်တော့ဘူး"
အဲ့ဒီလိုလည်း ဆုံးဖြတ်ပြီးရော မီးဖိုကို ကျောပေးလိုက်တယ်။ ပြီးတော့ ဆက်ပြီး အိပ်ငိုက်နေလိုက်တယ်။
မြေဆုံး အိမ်ဆုံးထားတဲ့ သူကလည်း စိတ်ထဲမှာ ဒီလိုပြောနေတယ်။ "ဒီလိုအမြတ်ကြီးစားတဲ့ အတ္တသမားနဲ့ မီးတဖိုထဲမှာ အတူတူလာပြီး မီးလှုံရတာ ငါ့နှယ် ကံဆိုးလိုက်တာ။ ငါတို့ ဘိုးဘွားတွေ ပိုင်ခဲ့တဲ့ မြေနဲ့အိမ်ကို အတိုးတွေ မတရားယူပြီး သိမ်းထားတဲ့အကောင် ငါ ဒီမီးဖိုထဲကို ထင်းထည့်လိုက်ရင် တော်ပြီ ငါ့အိတ်ထဲက ထင်းကို မီးဖိုထဲ မထည့်တော့ဘူး" လို့ တွေးပြီး မီးဖိုကို ကျောပေးနေလိုက်တယ်။
ဒီလိုနဲ့ နောက်ထပ် လူတယောက် နိုးလာပြန်တယ်။ ဆောင်းက တအား အေးတာကိုး။ ထင်းထည့်မယ်လို့ အလုပ် သူ့မျက်နှာချင်းဆိုင်က လူလည်း သူလိုပဲ နိုးလာတယ်။ တယောက်က အလုပ်ရှင် တယောက်က အလုပ်သမား။ အလုပ်ရှင်က တွေးတယ်။
"အလကား အလုပ် မလုပ်ဘဲ ငွေကို အလကား လိုချင်နေတဲ့ အကောင်နဲ့မှ မီးတဖိုထဲမှာ အတူတူ ရှိနေရတယ်လို့ကွာ"
အလုပ်သမားကလည်း တွေးတယ်။ "ငါတို့ လုပ်အားတွေကို ခေါင်းပုံဖြတ်ပြီး ကြီးပွားနေတဲ့ အကောင်နဲ့ ဒီနေရာမှာ လာပြီး ဆုံရတယ်လို့။ တော်ပြီ ငါ့အိတ်ထဲက ထင်းကို မီးထဲ မထည့်တော့ဘူး"
နှစ်ယောက်စလုံးဟာ မီးဖိုကို ကျောပေးလိုက်ကြတယ်။ ဆက်ပြီး အိပ်ငိုက်နေတော့တယ်။ မီးဖိုထဲမှာ မီးက နည်းသထက် နည်းလာပြီ။ အပြင်မှာလည်း နှင်းမုန်တိုင်းတွေက တဝုန်းဝုန်းနဲ့။ အေးလိုက်တာလည်း လွန်ရော။
အဲ့ဒီအချိန်မှာ ကျန်တဲ့ လူနှစ်ယောက် နိုးလာတယ်။ ထင်းထည့်မယ်လို့ လုပ်တယ်။ မီးရောင်အောက်မှာ တယောက်မျက်နှာ တယောက် မြင်လိုက်ရပြန်တယ်။ နှစ်ယောက်လုံးရဲ့ စိတ်ထဲမှာ ဒီလိုတွေးမိကြတယ်။
"ငါ့နှယ်နော် ဒီလို ဘာသာမတူတဲ့ မိစ္ဆာဒိဌိ အယူရှိတဲ့ သူနဲ့မှ မျက်နှာချင်းဆိုင် လာတွေ့ရတယ်လို့" သူတို့နှစ်ယောက်ဟာ ကိုးကွယ်ယုံကြည်မှုချင်း မတူကြဘူး။ ကိုယ့်အိတ်ထဲမှာပါတဲ့ ထင်းတွေကို ပြန်ပြီး သိမ်းလိုက်ကြတယ်။ မီးဖိုကို ကျောပေးလိုက်ကြတယ်။
နောက်တနေ့ မနက်မှာ ကယ်ဆယ်ရေးအဖွဲ့တွေ ဒီဂူထဲကို ရောက်လာတယ်။ မီးမရှိတော့တဲ့ မီးပုံဘေးမှာ အေးခဲပြီး သေဆုံးနေတဲ့ အလောင်း ၆ လောင်းကို သူတို့တွေ့ရတယ်။ သူတို့အလောင်းကို စစ်ဆေးကြည့်တော့ လောင်းကုတ်အင်္ကျီထဲမှာ ထင်းကိုယ်စီနဲ့၊ မီးခြစ်ကိုယ်စီနဲ့၊ ထင်းရှူးဆီ ကိုယ်စီနဲ့၊ စားစရာနဲ့ပေါ့။
"ထင်းတွေ၊ မီးခြစ်တွေ၊ စားစရာတွေ၊ ထင်းရှူးဆီ ကိုယ်စီနဲ့ ဘာကြောင့်များ အအေးမိပြီ သေဆုံးသွားကြရတာလဲနော်" လို့ တွေးတောရင်း အလောင်း ၆ လောင်းကို သယ်သွားကြ ပါတော့တယ်။
ကျနော်တို့ ပတ်ဝန်းကျင်မှာလည်း မီးဖိုဘေးက လူ ၆ ယောက်လို အာဃာတအဆိပ်ကို သောက်ပြီး သေဖို့ ကြိုးစားနေကြတဲ့ သူတွေ အများကြီးပါပဲ။ မီးဖိုဘေးက လူ ၆ ယောက်လို မင်းဘယ်သူလဲ ငါဘယ်သူလဲ၊ မင်းဘာလဲ ငါဘာလဲ ဆိုတဲ့ အတ္တစိတ်တွေ အတတ်နိုင်ဆုံး ပယ်နိုင်ကြရင် သိပ်ကောင်းမှာပဲဗျာ။ Crd
0 Comments