စားသောက်ဆိုင် တခုထဲကို အသက်ခပ်ရွယ်ရွယ် အမျိုးသမီးတယောက် ဝင်လာပြီး ခဏရပ်ကာ ဆိုင်အနှံ့ကို စူးစမ်းကြည့်လိုက်တယ်။ ပြီးတော့ စားပွဲနံပါတ် ၂၃ ရှိရာမှာ ဝင်ထိုင်လိုက်တယ်။
သူမ နာရီကို ကြည့်တော့ နေ့လည် ၂ နာရီထိုးပြီ။ တဆိုင်လုံးကို တချက် စူးစမ်းကြည့်ပြန်တယ်။ အဲဒီနောက် စိတ်ပျက်စွာနဲ့ တစုံတယောက်အလာကို စောင့်ဆိုင်းနေတယ်။ သူမနဲ့ ချိန်းဆိုထားသူဟာ သူမယောက်ျားဖြစ်သူပါပဲ။
သူမဟာ လွန်ခဲ့တဲ့ ၃ လလောက်မှာ သူမယောက်ျားနဲ့ ရန်အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။ သူမတို့ရဲ့ အိမ်ထောင်သက် ၃ နှစ်တာမှာ အကြိမ်ကြိမ် စကားများ ရန်ဖြစ်ခဲ့ကြပေမယ့် အခုလောက်ထိတော့ မကြီးကျယ်ခဲ့ပါဘူး။
သူမလက်ထပ်ပြီ ၁ နှစ်လောက်အထိ သူမတို့ အိမ်ထောင်ရေးဟာ အတော်လေး သာယာခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ အသေးအဖွဲ ကိစ္စလေးတွေကနေ တဖြေးဖြေး သဘောထားကွဲလွဲမှု များစွာနဲ့ စကားများရန်ဖြစ်ခဲ့ကြတာ အကြိမ်ကြိမ်ပါပဲ။
နောက်ဆုံး အကြီးအကျယ် ရန်ဖြစ်ခဲ့ကြပြီး သူမ အိမ်ပေါ်က ဆင်းကာ သူမရဲ့ ကျောင်းနေဘက် သူငယ်ချင်းတယောက်နဲ့ အတူနေထိုင်ခဲ့တယ်။ ရန်ဖြစ်ပြီး တပတ်လောက်အကြာမှာ သူမအမျိုးသားက အကြိမ်ကြိမ် ဖုန်းဆက်တောင်းပန်ခဲ့ပေမယ့် လက်မခံခဲ့သလို နောက်ဆုံး ဖုန်းနံပါတ်ပါ ပြောင်းလဲပစ်ခဲ့တယ်။
တရက်မှာတော့ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးကို အဆင်ပြေစေချင်တဲ့ သူမ သူငယ်ချင်းကြောင့် ယောက်ျားဖြစ်သူက သူမဆီ ဆက်သွယ်နိုင်ခဲ့တယ်။ သူမနဲ့ တွေ့ချင်ကြောင်းနဲ့ ဖြစ်ခဲ့သမျှကို တောင်းပန်ကြောင်း ဖုန်းဆက်ပြီးပြောခဲ့တယ်။
ဒီတကြိမ်မှာတော့ သူမတွေ့ဖို့ ဆုံးဖြတ်ပြီး ချိန်းဆိုလိုက်တယ်။ ဒါကတော့ သူမယောကျ်ားရဲ့ တောင်းပန်မှုကို လက်ခံပေးဖို့ မဟုတ်ပါဘူး။ သူမနဲ့ ကွာရှင်းပြတ်စဲဖို့ အကြောင်းကို အသိပေး ဆွေးနွေးဖို့ပါပဲ။
အချိန်က ၂ နာရီ ၁၅ မိနစ်။ ချိန်းဆိုချိန်ထက် ၁၅ မိနစ် ကျော်လွန်သွားပါပြီ။ တကယ်ဆို တောင်းပန်မယ့်သူက ကြိုတင်ရောက်နှင့် နေရမယ်လို့ သူမထင်ထားပေမယ့် သူရောက်မလာသေးပါဘူး။ သူမရဲ့ ဆုံးဖြတ်ချက်ဟာ ပိုမိုခိုင်မာလာခဲ့သလို နောက်ဆုံး သည်းမခံနိုင်ပဲ ပြန်ဖို့အတွက် ထိုင်ခုံကနေ ထလိုက်တယ်။
အဲဒီချိန်မှာပဲ သူမဆီကို ဖုန်းဝင်လာတယ်။ သူမဖုန်းကိုင်တော့ တဖက်လူက မဝံ့မရဲနဲ့ စကား စပြောတယ်။
"စိတ်မကောင်းပါဘူးခင်ဗျာ မစ္စတာ သွမ်ဆင်ကို သိမယ်လို့ ယုံကြည်ပါတယ်"
"ဟုတ်ကဲ့ သိပါတယ် ဘာကြောင့်များပါလဲ"
သူမ စကားကို သတိထားကာ အလိုက်သင့်ပဲ ပြန်ဖြေမိတယ်။
"ဟုတ်ကဲ့ပါ ကျွန်တော်တို့က မြို့နယ်ရဲဌာနကပါ။ လွန်ခဲ့တဲ့ ၁၅ မိနစ်လောက်မှာ အက်စီးဒင့်တခု ဖြစ်ခဲ့ပြီး နေရာမှာပဲ လူတယောက်ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာတွေကြောင့် သူ့ရဲ့ ပုံသဏ္ဌာန်ကို ပြောဖို့ ခက်နေပေမယ့် ကျွန်တော်တို့ သူ့ကိုယ်ပေါ်က ရှာတွေ့ခဲ့တဲ့ ပိုက်ဆံအိတ်အတွင်းမှာ မစ္စတာသွမ်ဆင်ရဲ့ မှတ်ပုံတင်နဲ့အတူ စာရွက်ပိုင်းတခုမှာ ရေမှတ်ထားတဲ့ ဖုန်းနံပါတ်တခုကို တွေ့ရှိရလို့ ခုလို့ဆက်သွယ်လိုက်ရတာပါ။ ဒါကြောင့် အတည်ပြုနိုင်ဖို့အတွက် သူ့ရဲ့မိသားစုနဲ့အတူ အသိမိတ်ဆွေတွေကိုပါ ဖြစ်နိုင်မယ်ဆို ထပ်ဆင့် အကြောင်းကြားပေးစေလိုပါတယ် ခင်ဗျာ"
သူမ တဖက်ကို ဘာစကားမှ ပြန်လည်တုန့်ပြန်ဖို့ သတိမရနိုင်ပဲ အံ့သြမှန်သက်နေမိရင်း ထိုင်ခုံပေါ် ကို လဲပြိုကျသွားတယ်။ အရင်က သူမအမြင်တွေ၊ သူမဆုံးဖြတ်ချက်တွေဟာ တဖြေးဖြေး မှားယွင်းလာသလို ခံစားလာမိတယ်။
တကယ်တော့ သူမတို့အိမ်ထောင်ရေးဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကစပြီး အဆင်မပြေခဲ့တာတွေ၊ အမြဲလို ကိစ္စတိုင်းအပေါ်မှာ စကားများ ရန်ဖြစ်နေခဲ့ ကြတာတွေမှာ သူမဘက်ကလဲ အမြဲတမ်းမှန်ကန်မှု မရှိခဲ့ဘူးလို့ ယူဆလာမိတယ်။ သူမရဲ့ ကလေးဆန်မှုတွေ၊ သဘောထားသေးသိမ်မှုတွေ၊ သာမာန်ထက်ပိုတဲ့ အလိုလိုက်ခံချင်မှုတွေကလဲ ပြသနာများစွာကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတခုလို့ လက်ခံလာမိတယ်။
အရင်က သူတို့နှစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေကို ခဏခဏမေ့တတ်တဲ့ သူမယောက်ျားကို သူ့မအပေါ် လေးနက်မှု မရှိတာကြောင့်လို့ ထင်မြင်မိခဲ့ပေမယ့် အရေးကြုံတဲ့အခါ ရှေ့ကနေ မားမားမက်မက်ရပ်တည် ဖြေရှင်းပေးခဲ့တာတွေ၊ အတူရှိစဉ် အချိန်တွေမှာ သူမရဲ့ အပူအပင်မဲ့ လုံခြုံခဲ့ရတဲ့ဘဝ အခြေအနေတွေကို ပြန်လည် သတိရလာခဲ့တယ်။
မျက်ဝန်းအစုံဟာ မျက်ရည်တွေနဲ့အတူ သူမ ဘာကိုမှ သတိမထားမိဘူး။ သူမ ငိုကြွေးနေမိတယ်။ ဘယ်လိုအရာက သူမကို ငိုကြွေးစေလဲ။ ဒါဟာ အချစ်လား သံယောဇဉ်လား။
သူမရင်ထဲက အရာကို ဘယ်သူမှ မမြင်နိုင်ပါဘူး။ သူမကိုယ်တိုင်လဲ သိကောင်းမှ သိပါလိမ့်မယ်။ ဒါပေမယ့် အခု သူမငိုနေမိတယ်။ ဘေးတဘက်က လူတွေက သူမကို အာရုံစိုက်ကြည့်နေကြတယ်။အဲဒီချိန်မှာ သူမရှေ့ကို ပန်းစည်းတစည်း ကိုင်ထားတဲ့လူတယောက် လျှောက်လာပြီး တီးတိုးစကားနဲ့ တောင်းပန်တယ်။
"မိန်းမရယ်၊ ကိုအနူးအညွတ် တောင်းပန်ပါတယ်။ မင်းကိုနောက်ဆို အရင်ထက်ပို ဂရုစိုက်ပါ့မယ်လို့ ကတိပေးပါတယ်။
အခုလဲ မင်းအတွက် ပန်းဆိုင်မှာ ပန်းစည်းဝင်ဝယ်ရင်း ကျပျောက်သွားတဲ့ ပိုက်ဆံအိတ်ကို ပြန်ရှာနေမိလို့် နဲနဲ နောက်ကျသွားတာပါကွာ။ နောက်ဒါမျိုး မဖြစ်စေရပါဘူး။ တိတ်တော့နော်။ ဒီနေ့က ကိုယ်တို့ရဲ့ အိမ်ထောင်သက် ၃ နှစ် ပြည့်တဲ့နေ့လေ" တဲ့။
သူမ ပြောစရာ စကားမရှိပဲ ယောကျာ်းဖြစ်သူဆီကို ကလေးငယ်တယောက်လို ဟစ်အော်လို့ ငိုကာ ပြေးသွားပြီး စိတ်ရှိသမျှ ထုရိုက်နေတော့တယ်။
ကြားဖူးတဲ့ စကားလေးတခွန်းရှိပါတယ်။ "အချစ်စစ်ကို မရှာဖွေပါနဲ့။ အချစ်စစ်ဆိုတာ တည်ဆောက်ရမယ့်အရာပါ" တဲ့ဗျာ။ သာယာတဲ့ ဘဝတွေတည်ဆောက်ရင်း အချစ်စစ်တွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒ္ဒပြုရင်း phoomyatchal
0 Comments