တခါတုန်းက သူဌေးကြီးတဦးမှာ သမီးသုံးယောက် ရှိပါတယ်။ တနေ့မှာ ဖခင် သူဌေးကြီးက သမီးသုံးယောက်ကို သူ့အား ဘယ်လောက် ချစ်သလဲလို့ မေးပါတယ်။
အဓိကကတော့ သူပိုင်ဆိုင်တဲ့ အမွေတွေကို ခွဲပေးဖို့ပါဘဲ။ ပထမသမီးက သူ့ကို "လမင်းကြီးလောက် ချစ်ပါတယ်" လို့ ဆိုပါတယ်။ ဒုတိယသမီးက သူ့ကို "နေမင်းကြီးလောက် ချစ်ပါတယ်" တဲ့။
အငယ်ဆုံး သမီးလေးကတော့ ဖခင်ကြီးကို "ဆားတဇွန်းစာလောက် ချစ်ပါတယ်" လို့ ဆိုပါတယ်။
ဒီအခါ ဖခင်ကြီးက သူ့ကို တကယ်ချစ်တဲ့ သမီးကြီးနဲ့ သမီးလတ်ကို အမွေအများဆုံး ခွဲဝေပေးခဲ့ပြီး ဆားတဇွန်းစာသာ ချစ်သော သမီးငယ်ကိုတော့ အနည်းဆုံး ဝေစုကိုသာ အမွေပေးခဲ့ပါတယ်။
သူပိုင်ဆိုင်တဲ့ အမွေတွေ အားလုံးကို ခွဲဝေပြီးတဲ့ အခါမှာတော့ သူဌေးကြီးဟာ သူ့သမီးတွေဆီကို အလှည့်ကျ သွားရောက် လည်ပတ်လို့ နေပါတော့တယ်။ သမီးတွေလည်း အိမ်ထောင်ရက်သားများကျလို့ သားသမီးတွေလည်း ထွန်းကားကြပါတယ်။
ဒီလိုနဲ့ အချိန်တွေ ကြာလာတဲ့အခါမှာတော့ သမီးကြီးနဲ့ သမီးလတ်ဟာ ဖခင်လာရောက်တာကို မကြည်ဖြူ ကြတော့ပါဘူး။
အလုပ်ပိုကြီး တခု ပိုလာတယ်လို့ မြင်လာပါတယ်။ ဖခင်ကြီးကလည်း သူ့ကိုပိုချစ်တဲ့ သမီးနှစ်ယောက်ဆီကိုဘဲ အများဆုံး သွားရောက်နေတာကိုး။
နောက်ဆုံးမှာတော့ သူ့ရဲ့သမီးနှစ်ယောက်ဟာ သူ့ကို နှင်လွှတ်တဲ့အထိ ဖြစ်လာတော့တာပါဘဲ။ သူဌေးကြီးလည်း စိတ်ပျက်လက်ပျက်နဲ့ သူ့သမီးငယ်ဆီ ရောက်လာပါတယ်။
သမီးငယ်က သူ့ကို ခရီးဦးကြိုဆိုပြီး စားဖွယ် သောက်ဖွယ်များ ကျွေးမွေးပါတယ်။ သူလည်း ဗိုက်ဆာဆာနဲ့ စားတဲ့အခါမှာ ဟင်းတွေအားလုံးဟာ ပေါ့ရွှတ်လို့ နေပါတယ်။
ဒီတော့မှ သမီးငယ်လေးက ဖခင်အား "ဆားမပါတဲ့ဟင်းဟာ ဘယ်လိုပင် ကောင်းကောင်း အရသာမရှိပါဘူး။ ပြီးတော့ ဆားလေးတဇွန်းဆိုပေမယ့် အထဲမှာ ဆားပွင့်လေးပေါင်း မရေမတွက်နိုင်အောင် များပြားပါတယ်။
သမီးက အဖေ့ကို အဲဒီ ဆားပွင့်လေးတွေလောက် မရေမတွက်နိုင်အောင် ချစ်တာပါ" လို့ ပြောလိုက်ပါတယ်။ ပြီးတော့မှ ဆားထည့်ပြီး ချက်ပြုတ်ထားတဲ့ ဟင်းလျှာများကို လဲလှည်ပြီး ဖခင်ကြီးအား သက်ဆုံးတိုင် ပြုစုစောင့်ရှောက်သွားပါတော့တယ်။
ဆားလေးတဇွန်းဟာ ဟင်းလျှာများရဲ့ အရသာကို ပြည့်စုံစေသလို ဖြူစင်တဲ့ မေတ္တာတရားဟာလည်း လောကရဲ့ အရသာကို ပြီးပြည့်စုံစေပါတယ်။ Crd
0 Comments