ကြက်တွေကို ပျံတဲ့အကြောင်း သွားမပြောနဲ့

(၁) ကြက်အုပ် ကြားထဲမှာ အမြင့်ပျံတဲ့အကြောင်း သွားမပြောမိပါစေနဲ့။ ဘာဖြစ်လို့လဲဆိုတော့ အမြင့်ပျံတဲ့အကြောင်း ကြက်က နားမလည်နိုင်သလို ကိုယ်တိုင်လည်း စိတ်အားငယ်ရ ပါလိမ့်မယ်။

ကိုယ့်မှာ ကြီးမားတဲ့ အိမ်မက်နဲ့ ရည်ရွယ်ချက်ရှိနေရင် ကိုယ့်စိတ်ထဲမှာပဲ သိမ်းထားပါ။ တွေ့ရာလူကို လျှောက်မပြောမိ ပါစေနဲ့။အထူးသဖြင့် အကောင်းမြင်စိတ် မရှိသူ အိမ်မက်မရှိသူ ကိုယ့်အပေါ် မလိုမုန်းထား မနာလိုတဲ့ သူတွေကိုပေါ့။

ကိုယ့်ရည်ရွယ်ချက် အိမ်မက်တွေကို သူတို့ကိုယ်တိုင် မလုပ်နိုင်၊ မလုပ်ဘူးတဲ့ သူတွေနဲ့ မလိုမုန်းထား မနာလိုတဲ့ သူတွေရဲ့ အဖျက်စကားတွေကြောင့် ပျက်စီးသွားစေတတ်ပါတယ်။ ကိုယ့်ကို ကူညီမယ့်သူတွေနဲ့သာ ပြောဆို တိုင်ပင်ပါ။

(၂) ချောင်းက ကျွဲကို ဘယ်တော့မှ သွားမရှာဘူး။ ကျွဲဟာ ရေစိမ်ဖို့ ချောင်းကို ရှာရသလို သင်ဟာလည်း အောင်မြင်မှုကို ပိုင်ဆိုင်ချင်ရင် အောင်မြင်မှုရှိတဲ့ နေရာကို ရအောင် ရှာပါ။ အောင်မြင်မှုက သင့်ကို လာရှာမှာ မဟုတ်ပါဘူး။

(၃) မလုပ်နိုင်ဘူးဆိုတာ သူ့အတွက်၊ ကိုယ့်အတွက် မဟုတ်ဘူး။ တယောက်ယောက်က မလုပ်နိုင်ပါဘူး မဖြစ်နိုင်ပါဘူးလို့ ပြောလာရင် သူ့ကိုယ်သူ မလုပ်နိုင်ဘူး မဖြစ်နိုင်ဘူးလို့ ဆိုလိုတာပါ။

ကိုယ့်ကို မဖြစ်နိုင်ဘူး မလုပ်နိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးလို့ နားလည်ထားပါ။ ကိုယ်က သူနဲ့ သွားပတ်သက်နေစရာ မလိုပါဘူး။

(၄) ကုန်းပေါ်မှာ ရေကူးသင်ရင်း အချိန်ကုန် မခံပါနဲ့။ ကုန်းပေါ်မှာ နေနေသေးသ၍ ရေထဲမှာ ကြုံရမယ့် ပြဿနာ အကြောင်းသင်မသိနိုင်ပါဘူး။ အချက်အလက်တွေ လေ့လာနေ၊ အတွေးတွေ များနေတာနဲ့တင် အချိန်ကုန် ခံမနေပါနဲ့။

စီးပွားရေးဆိုင်ရာ စာအုပ်တွေ ကိုသာထိုင်ဖတ်ပြီး အချက်အလက်တွေ လေ့လာနေပေမယ့် လက်တွေ့ စီးပွားရေး မလုပ်ကြည့်ရင် သင်ဘာမှ မသိသေးတာနဲ့ အတူတူပါပဲ။

ဒါကြောင့် ခုန်ဆင်းပြီး အစွမ်းကုန် ကူးကြည့်လိုက်ပါ။ ရေကူးတတ်ဖို့ ဆိုတာက ရေထဲမှာမှ ဖြစ်နိုင်မှာပါ။

(၅) သင်ဘယ်လမ်းရွေးရွေး အမြင်မတူတဲ့သူ ရှိကို ရှိနေမှာပဲ။ ဟိုဟာလေး လုပ်လည်း ဟိုလူက ဟိုလိုပြောမယ်။ ဒီဟာလေးလုပ်လိုက်လည်း ဒီလူက ဒီလိုပြောမယ်။ ဘာမှ မလုပ်ပြန်တော့လည်း ဘာမှလုပ်ဖို့ မစဉ်းစားတော့ဘူးလားလို့ အပြောခံရမယ်။

ဒါကြောင့် ကိုယ့်အတွက် အကောင်းဆုံးလို့ ထင်တဲ့လမ်းကို ရွေးတတ်ရင် လုံလောက်ပါပြီ။ လွတ်လပ်မှုဆိုတာ လူတိုင်းအတွက် ဖြစ်နိုင်ပါတယ်။ ကိုယ်ကသာ ရွေးချယ်ခဲ့မယ် ဆိုရင်ပေါ့။ YLN

Post a Comment

0 Comments