အတန်းရှေ့ကို ကောင်လေးတယောက် ကြောက်ကြောက်နှင့် ထွက်လာသည်။ ဆရာမက
"ရော့ ဒီမှာ နင်ရေးထားတာ နင်ဖတ်ပြလိုက်။ တတန်းလုံး ကြားအောင်ဖတ်နော်။ ခုမှ အသံတိုးလို့ကတော့ နင့်ကျော ပုပ်ပြီမှတ်"
ကောင်လေးက စာအုပ်ကို ဖွင့်ပြီး မဖတ်သေး။ ကြောက်လွန်းသဖြင့် လက်တွေ တုန်နေသည်။
"ဟဲ့ ဖတ်လေ"
ကောင်လေးက တလုံးချင်း စဖတ်သည်။ အသံတွေ တုန်နေသည်။
"ကျွန် တော့် အကြောင်း"
အတန်းထဲတွင် ရယ်သံတွေ ကြားရသည်။ ကောင်လေးက ဆက်မဖတ်။ ဆရာမက ကျောကို ကြိမ်နှင့် တို့လိုက်ပြီး "ဆက်ဖတ်လေ" ဟု အော်လိုက်သည်။
ကောင်လေးက "ကျွန်တော့် အကြောင်းမှာ အထွေအထူး ပြောစရာ မရှိပါ။ သူများတွေလို မိဘ မရှိသောကြောင့် ဦးဘနှင့် ဒေါ်လှဟုလည်း မရေးနိုင်ပါ။
ကျွန်တော့်ကို လမ်းဘေးတွင် ကောက်ရသည်ဟု ဆရာတော် ဦးသောဘိတက ပြောပါသည်။ ဆရာတော်သည် ကျွန်တော့်အဖေ၊ ဆရာတော်သည် ကျွန်တော့် အမေဖြစ်ပါသည်။
ဆရာတော်ကြောင့် ကျွန်တော် ကျောင်းတက်ရပါသည်။ ဆရာတော်က ထမင်းကျွေးပါသည်။ ဆရာတော်က မုန့်ဖိုးပေးပါသည်။ ဆရာတော်က ကျွန်တော် ကျောင်းမသွားချင်ဟု ပြောလျှင် ရိုက်ပါသည်။ ရိုက်လည်း ဆရာတော်ကြီးကိုပဲ ချစ်ပါသည်"
"ဟား ဟား ဟား"
တတန်းလုံး ဝိုင်းဟားကြသည်။
"တိတ်ကြစမ်း။ အလကားကောင်။ ဘာတွေ လျှောက်ရေးထားတာလဲ။ ဆန်းထူးရေ။ သား ရေးထားတဲ့ စာစီစာကုံး ထဖတ်ပြလိုက်စမ်း"
"ကျွန်တော့် အကြောင်း။ ကျွန်တော့်အမည်မှာ မောင်မြဖြစ်ပါသည်။ ကျွန်တော့်အဖေက ဦးဘဖြစ်သည်။ အမေမှာ ဒေါ်လှဖြစ်သည်။ ကျွန်တော့်အဖေနှင့် အမေက ကျွန်တော့်ကို ကျောင်းထားပေးသည်။ ထမင်းကျွေးသည်၊ မုန့်ဖိုးပေးသည်။ ထို့ကြောင့် ဖေဖေနှင့် မေမေကို ကျွန်တော် အလွန်ချစ်ပါသည်"
"ကြားလား အလကားကောင်။ စမ်းသီတာ ထဖတ်လိုက်စမ်း"
"ကျွန်မအကြောင်း။ ကျွန်မအမည်မှာ မမြဖြစ်ပါသည်။ ကျွန်မအဖေက ဦးဘဖြစ်သည်။ အမေမှာ ဒေါ်လှဖြစ်သည်။ ကျွန်မအဖေနှင့် အမေက ကျွန်မကို ကျောင်းထားပေးသည်။ ထမင်းကျွေးသည်၊ မုန့်ဖိုးပေးသည်။ ထို့ကြောင့် ဖေဖေနှင့် မေမေကို ကျွန်မ အလွန်ချစ်ပါသည်"
"ဟဲ့ကောင် ငေးမနေနဲ့ သူများတွေ ဖတ်ပြတာ ကြားလား။ သွား အဲဒီ အတိုင်းရေးလာ။ ပုံစံမကျလို့ ကတော့ ထိုင်ခုံမှာ တနာရီ ဒူးထောက်ရမယ် ကြားလား"
"ဟုတ် ဟုတ်"
"ဟုတ်မနေနဲ့ မြန်မြန်သွားရေး မပြီးမချင်း မုန့်စားမဆင်းနဲ့"
ကောင်လေးက သူ့နေရာ သူပြန်သွားကာ ငေးနေသည်။ ကျောင်းသားတွေက မုန့်စားဆင်းသွားသည်။ ကောင်လေးက စဉ်းစားနေသည်။ သူပြုံးလိုက်သည်။
စာအုပ်ကို လွယ်အိတ်ထဲထည့်သည်။ မတ်တတ်ရပ်သည်။ အတန်းအပြင်ကို ထွက်သည်။ ထမင်းစားနေသော ဆရာမက
"ဟို အကောင် စာရေးခိုင်းထားတာ ဘယ်လဲ"
ကောင်လေးက လှည့်မကြည့်။ ကျောင်းအောက်ကို ရင်ကော့ပြီး ဒုံး ဒုံး ဒုံးနှင့် ပြေးဆင်းသွားသည်။
"ဟဲ့ကောင် ပြောနေတာ မကြားဘူးလား ချက်ချင်း ပြန်လာစမ်း"
ကောင်လေးက ခုန်ပေါက်ကာ ကခုန်ပြီး ကျောင်းထဲက ထွက်သွားသည်။ သူဘယ်တော့မှ ကျောင်းကို ပြန်မလာတော့။ တင်ညွန့်
0 Comments