တခါတုန်းက တောရွာလေးတရွာက လူငယ်လေးတယောက်ဟာ အောင်မြင်ကြီးပွားချင်လို့ မြို့ကြီးပေါ် တက်လာတယ်။ နှစ်ပေါင်း အတန်ကြာမှာ သူဟာ အကြီးအကျယ် အောင်မြင်ကြီးပွားသွားတယ်။
ဒီအဖြစ်အပျက်မျိုးဟာ ကမ္ဘာပေါ်မှာ အရင်ကလည်း ဖြစ်ခဲ့တယ်။ အခုလည်း ဖြစ်နေဆဲနဲ့ နောင်လည်း ဆက်ဖြစ်နေအုံးမှာပါ။
ဒီအဖြစ်အပျက်ကို လူတွေကြားကြ၊ ဖတ်မိကြတဲ့အခါ လူတွေက သူတို့ဟာ ကံကောင်းလိုက်ကြတာ။ ဒါမှမဟုတ် ကြိုးစားလွန်းလို့ အောင်မြင်သွားကြတယ်လို့ စိတ်ထဲမှာ ဖြစ်ပေါ် ခံစားကြရတယ်။
ကံ၊ ဉာဏ်၊ ဝီရိယကြောင့် အောင်မြင်သွားတယ် ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အောင်မြင်မှု ရခြင်းမှာ လူတွေ သတိမမူတဲ့ အကြောင်းတွေလည်း ရှိနေပါသေးတယ်။
အဲဒါက burning desire ပြင်းပျတဲ့ လိုအင်ဆန္ဒ။ အဲဒီဆန္ဒကြောင့် သူတို့ဟာ သူတို့ဖြစ်ချင်တာ တခုထဲကိုပဲ သိနေတယ်။ မဖြစ်ဖြစ်အောင် လုပ်တယ်။ နောက်အကြောင်းတခုက သူတို့ဟာ မြို့ပေါ် မတက်ခင်မှာ ဖေါင်ဖျက်ထားကြသူတွေပါ။
ဘုရင့်နောင် ဖေါင်ဖျက်ဆိုသလို ရန်သူနဲ့ တိုက်ခိုက်လို့ ရှုံးရင် ကျွန်းပေါ်က ထွက်ပြေးစရာ ဖေါင်တွေ မရှိတော့လို့ အသက်အသေမခံနိုင်တာကြောင့် အတင်းပြန်တိုက်ခိုက်လို့ ရန်သူတွေကို အောင်နိုင်ခဲ့ကြတယ်။
ဒီလိုပါပဲ၊ ရောမခေတ် စစ်ပွဲတပွဲမှာ စစ်သူကြီးက သူ့စစ်သားတွေကို ပြန်ဆုတ် ထွက်မပြေးနိုင်အောင် ဆုတ်လမ်းက တံတားတွေကို မီးရှို့ ဖျက်ဆီးလိုက်တယ်။
စစ်သားတွေမှာ အသက်ရှင်ဖို့ ရန်သူတွေကို နိုင်မှ ဖြစ်တော့မယ်ဆိုတဲ့ အသိကြောင့် အင်အား အဆမတန်များတဲ့ ရန်သူတွေကို နိုင်နင်းလိုက်တယ်။
ထို့နည်းတူပဲ သူတို့ဟာ သူတို့ရွာက မထွက်လာခင်မှာ မိဘ၊ ဆွေမျိုး၊ ရည်းစာတွေကို မအောင်မြင်မချင်း ရွာကို တသက်ပြန်မလာတော့ဘူး။ ဒါကလည်း သူတို့ကို အရှက်မရစေဖို့ မအောင်မြင်မချင်း ဆက်လက်ကြိုးစားနေဖို့ တွန်းအားပေးနေပါတယ်။
အချုပ်ပြောရရင် သင်လုပ်နေတဲ့ အလုပ်ကို အောင်မြင်စေချင်ရင် ဖေါင်ဖျက်ထားဖို့ အရေးကြီးပါတယ်။
ဝန်ထမ်းတချို့ဟာ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း လုပ်ကြည့်တယ်။ ဒါပေမဲ့ သူတို့ဟာ ကိုယ်ပိုင်လုပ်ငန်း လုပ်လို့ မအောင်မြင်ခဲ့ရင် ဝန်ထမ်းလောကို ပြန်သွားမယ်လို့ စိတ်ကူးထားကြတယ်။
သူတို့ဟာ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းနဲ့ အောင်မြင်ဖို့ အလားအလာ အလွန်နည်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ဟာ ဖေါင်ဖျက်ထားသူများ မဟုတ်ကြလို့ပါ။ ဗန်းမော်သိန်းဖေ
0 Comments